Home
မြန်မာသတင်း
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံပြင်ရန်လိုဟု ညီလာခံတွင် သဘောတူ
DVB
·
January 19, 2016
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ထောင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ တပ်မတော်အပါအ၀င် အစုအဖွဲ့အားလုံးက သဘောကိုက်ညီကြပေမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ အခြေခံသဘောထားမှာတော့ တပ်မတော်နဲ့ တခြားအစုအဖွဲ့တွေအကြား မတူကွဲပြားပါတယ်။ နေပြည်တော်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုညီလာခံမှာ ဆွေးနွေးအကြံပြုချက်တွေသာဖြစ်ပြီး ဆုံးဖြတ်ချက်မဟုတ်သလို နောင်ကျင်းပမယ့် နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြုစေဖို့သာ ရည်ရွယ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ နိုင်ငံရေးကဏ္ဍ ဆွေးနွေးကြတဲ့ အစုအဖွဲ့ ၇ ခုမှာ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ တိုင်းရင်းသားများ အစုအဖွဲ့နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွေ ပါဝင်ကြပါတယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ ဆယ်စုနှစ်နဲ့ချီပြီးအဓိပ္ပာယ်ကောက်ယူမှုအောက်ကနေ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေအကြား  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ထွန်းလာစေရေးအတွက် ပထမဆုံးအကြိမ် ညီလာခံခေါ်ယူ ကျင်းပနိုင်ခဲ့တာပါ။ မနှစ် အောက်တိုဘာလလယ်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ကျော်အနက် ၈ ဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ရက်ပေါင်း ၉၀ အကြာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရမယ်ဆိုတဲ့ အချက်ကို အကောင်အထည် ဖော်တာလည်းဖြစ်ပြီး နောက်အစိုးရသစ်တွေ လက်ထက်မှာ ဆက်လက်ကျင်းပမယ့် ပြည်ထောင်စုညီလာခံတွေအတွက် အစပျိုးလုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည် ဖော်ကြမယ်လို့ အစုအဖွဲ့တွေ အကုန်လုံးက သဘောကိုက်ညီ တင်ပြကြပေမယ့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ ချဉ်းကပ်တဲ့အခါ တပ်မတော်အစုအဖွဲ့နဲ့ ကျန်အစုအဖွဲ့အကြား ဆွေးနွေးအကြံပြုချက်တွေ ခြားနားကြပါတယ်။ တပ်မတော်အစုအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ အကြံပြုဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့က အကြံပြု ဆွေးနွေးရာမှာတော့ တိုင်းရင်းသား လူမျိုးစုများ နေထိုင်သည့် ဒေသများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူဝါဒများကို မိမိတို့ နှစ်သက်သဘောကျသည့်အတိုင်း လွတ်လပ်စွာ ချမှတ်နိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံဖို့ အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် တပ်မတော်အစုအဖွဲ့တို့က လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမူကို ဆက်လက် ကျင့်သုံးသင့်ကြောင်းနှင့် ဗဟိုအားကောင်းသော အစိုးရစနစ်ကိုသာ ကျင့်သုံးဖို့ အကြံပြု ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့ကတော့ ၈ ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အကြံပြု ဆေွးနွေးခဲ့သလို ဗမာပြည်နယ် ထူထောင်ဖို့ကိုလည်း အကြံပြု ဆွေးနွေးခဲ့ပါတယ်။ ပြည်နယ်တွေ ဖွဲ့စည်းရေးမှာ လူမျိုးကို အခြေခံကာ သတ်မှတ်စေလိုကြောင်း တိုင်းရင်းသားများ အစုအဖွဲ့က ဆွေးနွေးခဲ့ပြီး တပ်မတော်အစုအဖွဲ့ကမူ ပထဝီကို အခြေခံကာ သတ်မှတ်လိုကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကမူ ပြည်နယ်တွေကို ဖွဲ့စည်းရာမှာ အမျိုးသားပြည်နယ်တွေနဲ့ အမျိုးသားများပြည်နယ်တွေဟူ၍ ဖွဲ့စည်းဖို့ အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ဝင်တဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့က ပြည်နယ်အသစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်တွေကို လိုအပ်သလို ဖွဲ့စည်းပေးသွားရေး စဉ်းစားဖို့ ဆွေးနွေးအကြံပြုခဲ့ပါတယ် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သီးခြား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရအစုအဖွဲ့နဲ့ တပ်မတော်အစုအဖွဲ့တို့က ပြည်နယ်နဲ့ တိုင်းတွေအတွက် သီးခြား ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းရန်မလိုကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်များ အစုအဖွဲနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့ကတော့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို သီးခြား ပြဋ္ဌာန်းသင့်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ပထမအကြိမ် ပြည်ထောင်စုညီလာခံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ကဏ္ဍအလိုက် အစုအဖွဲ့ ၅ ဖွဲ့ ဖွဲ့စည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီအဖွဲ့ ၅ ဖွဲ့ကတော့ နို်င်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုအစုအဖွဲ့၊ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုအစုအဖွဲ့၊ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှုအစုအဖွဲ့၊ လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှုအစုအဖွဲ့၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆေးနွေးမှုအစုအဖွဲ့တို့ ဖြစ်ပါတယ်။ ဦးသိန်းစိန် သမ္မတသက်တမ်းအတွင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တရပ်ကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပေမယ့် စာချုပ်ရေးဆွဲရာမှာ အဓိကအခန်းက ပါဝင်ဆွေးနွေးရေးဆွဲခဲ့ကြတဲ့ မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတွေနဲ့ စစ်ရေးအင်အားတောင့်တင်းလှတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ အပါအ၀င် အဖွဲ့အစည်း အများအပြား ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသေးပါဘူး။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဆွေးနွေးပွဲတွေကို သူဦးဆောင်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024