Homeမြန်မာသတင်း
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ရန် အန်ဒီအက်ဖ်ပါတီ ရုံးခွဲများ ဖွင့်လှစ်
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ရန် အန်ဒီအက်ဖ်ပါတီ ရုံးခွဲများ ဖွင့်လှစ်
DVB
·
July 23, 2011
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အပါအ၀င် လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပို့မိုဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ကချင်ပြည်နယ် အတွင်း ပါတီရုံးခွဲတွေကို ဒီကနေ့မှာ စတင် ဖွင့်လှစ်နေလို့ သိရပါတယ်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားပါတီရုံးချုပ် အပါအ၀င် အနီးအနား ဒေသတွေမှာ မြို့နယ်ပါတီရုံးခွဲတွေကို ဒီကနေ့မနက် ၉ နာရီက ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာက အခုလို ပြောပြပါတယ်။
“ငြိမ်းချမ်းသာယာဖို့ တိုင်းရင်းသားအားလုံး အတွက် ဆက်လက်ပြီးတော့ စဉ်းစားသွားဖို့ စီစဉ်ထားပါတယ်။ ဒီအတွက်ပဲ ကျမတို့က ရုံးခန်းဖွင့်တာပါ။ ဒီလူတွေရဲ့ လိုအပ်ချက်တွေကို ဆက်လက်ပြီးတော့ တာဝန်ယူပေးဖို့ရန်အတွက်၊ ဆက်လက်ပြီးတော့ ကူညီပေးနိုင်ဖို့ အဖက်ဖက်ကပေါ့ လူမှုရေးရော၊ အစစအရာရာ ဒါတွေအတွက် ကျမတို့ ရုံးဖွင့်တာ ဖြစ်တယ်။ မြစ်ကြီးနားမြို့နယ် ရုံးဖွင့်ပွဲနဲ့ ကချင်ပြည်နယ် တခုလုံးရဲ့ ရုံးဖွင့်ပွဲကို ဒီနေ့ တပြိုင်တည်း လုပ်လိုက်တာပါ။ ဖားကန့်ကို ၂၇ ရက်နေ့ ချိန်းထားပါတယ်။ ဖိတ်စာလည်း ပို့ထားပြီးပါပြီ။ ကျန်တဲ့ဟာတွေကိုလည်း ဆက်လက်လုပ်သွားဖို့ စီစဉ်ထားတယ်။”
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကလည်း ပဋိပက္ခတွေကြား နိုင်ငံရေး ပါတီတွေကို ၀င်ရောက် ဆွေးနွေး ညှိနှိုင်းဖို့ကိုလည်း တိုက်တွန်း ပြောကြားပါတယ်။
“ကျနော်တို့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် အမြဲတမ်း လိုလားတဲ့ ပါတီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တကယ်လို့များ တိုက်ပွဲ နှစ်ဖက် ဖြစ်နေတဲ့အချိန် ကြားထဲမှာ ကျနော်တို့က ၀င်ရောက်ပြီးတော့ နိုင်ငံရေးအရ ညှိနှိုင်း ဆောင်ရွက်ခွင့်ရတယ်ဆိုရင်တော့ ကျနော်တို့က ၀င်းမြောက်ဝမ်းသာ ကြိုဆိုမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလို နှစ်ဖက် တိုက်နေတဲ့ ကိစ္စတွေကို ဘယ်တုန်းကမှ လက်မခံပါဘူး။ ဘယ်သူနဲ့ပဲ တိုက်တိုက် ပြည်တွင်း ပဋိပက္ခတွေကို အမြန်ဆုံး ချုပ်ငြိမ်းအောင် နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်သွားဖို့ကိုလည်း ကျနော်တို့ ရည်ရွယ်ချက်တွေ ရှိကြောင်းလည်း ပြောချင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၆၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဲ့ဒီက အမျိုးသားလွှတ်တော်မှာ ၄ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်မှာ ၄ နေရာ စုစုပေါင်း ၁၆ နေရာ ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး တတိယအများဆုံး အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီ တခုဖြစ်ပါတယ်။