မိုးညှင်းမြို့နယ်တွင် အမြန်ရထားစက်ခေါင်း မီးလောင်
DVB
·
January 18, 2016
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ ဇန်န၀ါရီ ၁၈ ရက် ညနေပိုင်းက ခရီးသည်တင် အမြန်ရထားတစီး စက်ခေါင်းမီးလောင်မှု ဖြစ်ပွားပါတယ်။
မန္တလေးမြို့မှ မြစ်ကြီးနားသို့ ဦးတည်မောင်းနှင်တဲ့ မြန်မာ့မီးရထားဌာနပိုင် အမှတ် ၄၁ အဆန်ရထားဟာ မိုးညှင်းမြို့နယ် ကာဒူဘူတာအ၀င်မှာ မီးလောင်ခဲ့တာလို့ မိုးညှင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ရထားမီးလောင်တဲ့ သတင်းကြားကြားချင်း ကျနော်တို့ မိုးညှင်းမီးသတ်တပ်ဖွဲ့က မီးသတ်ကားတစီးနဲ့ မီးသတ်ဆေးဘူးတွေနဲ့ သွားပြီး ငြှိမ်းသတ်ခဲ့ပါတယ်။ မီးက ဒီနေ့ညနေ ၂ နာရီ မိနစ် ၂၀ ကနေ စလောင်တာ ၂ နာရီ ၄၅ မိနစ်လောက်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်၊ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူး၊ တခြားအပျက်အစီးတွေလည်း ကြီးကြီးမားမား မရှိပါဘူး။”
မီးလောင်ရတဲ့အကြောင်းရင်း အသေးစိတ်ကို မသိရပေမယ့် အင်ဂျင်စက်ခန်းကနေ အပူလွန်လို့ လောင်ကျွမ်းတာလို့ ခန့်မှန်းကြောင်း၊ ရထားကို စက်ခေါင်းလဲပေးလိုက်တဲ့အတွက် ခရီးသည်တွေ ခရီးဆက်ထွက်ခွာသွားတယ်လို့ မီးသတ် ဦးစီးမှူးက ပြောပါတယ်။