ဇီကာ ဗိုင်းရပ်စ်သစ်တမျိုးနှင့် ပတ်သက်၍ အမေရိကန် သတိပေးချက် ထုတ်ပြန်

ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဇီကာ (Zika) အမည်ရတဲ့ ဗိုင်းရပ်စ်သစ်တမျိုးဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယမ်ဒေသတွေမှာ ပျံ့နှံ့နေတဲ့အတွက် အဲဒီဒေသတွေကို ခရီးသွားလာမှုအပေါ် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (စီဒီစီ) က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဇီကာလို့ အမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ်ဟာ ခြင်ကိုက်ရာကနေ ရောဂါကူးစက်တာဖြစ်ပြီး ကမ္ဘာ့ရာသီဥတု အပူချိန်မြင့်တက်ရာမှ ရေပြင်မှာ ပေါက်ဖွားတဲ့ ခြင်မျိုးဆက်သစ်တမျိုးမှာ တွေ့ရတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အာဖရိက၊ အရှေ့တောင်အာရှ၊ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေမှာ တွေ့ရတာကနေ ခုချိန်မှာတော့ လက်တင်အမေရိက နိုင်ငံတွေထိ ပျံ့နှံ့လာတဲ့အတွက် ခုလို သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာလို့ ရာဟူး (Yahoo) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဒေသတွေကို သွားလာရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးသဖြင့် သတိပေးထားတာဖြစ်ပြီး ရောဂါကူးစက်ခံရပါက မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးဖွားလာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘရာဇီးနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်တဦးကို ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာ ပထမအကြိမ်အဖြစ် အဲဒီဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ကလေးမွေးဖွားလာမှုနောက်မှာ ခုလို သတိပေးတာတွေ ထုတ်ပြန်ခဲ့ရတာပါ။ အဲဒီဒေသတွေကို သွားလာကြမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သွားလာသင့်တယ်လို့ စီဒီစီက အကြံပြု ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up