Home
မြန်မာသတင်း
မီး​လောင်​သေဆုံး​သည့်​ အဖွား​အိုကိစ္စ မ​ဖြေရှင်း​ပေး​သည့်​အတွက် ရွာသား​များ​ မ​ကျေနပ်
အေးနိုင်
·
July 22, 2011
စစ်ကိုင်း​တိုင်း​ဒေသကြီး​ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့​နယ်ထဲက သီလုံး​စံပြ​ကျေး​ရွာမှာ အသက် ၈၃ နှစ်အရွယ်အဖွား​အို ​ဒေါ်သိန်း​ရီဟာ ဒီလဆန်း​ (၃) ရက်​နေ့​က အိမ်မှာ မီး​လောင်ဒဏ်ရာနဲ့​ ​သေဆုံး​ခဲ့​ပါတယ်။ ဒီ​သေဆုံး​မှုဟာ အဖွား​ရဲ့​မြေး​က ဓာတ်ဆီ​လောင်း​မီး​ရှို့​တာလို့​ ရွာသား​တွေက ယူဆပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ရဲကအ​ရေး​မယူတဲ့​အ​ပေါ် မ​ကျေမနပ် ဖြစ်​နေကြပါတယ်။ ဒီလ ၃ ရက်​နေ့​ ည ခုနှစ်နာရီခန့်​ မီး​လောင်မှုကို ​ဘေး​အိမ်​တွေက သိလို့​ ငြိမ်း​သတ်နိုင်​ပေမယ့်​ နာရီပိုင်း​လောက်အကြာမှာ မီး​လောင်ဒဏ်ရာ​တွေရတဲ့​ အဖွား​ဟာ ​နောက်​နေ့​ မနက် ၂ နာရီ​လောက်မှာ ကွယ်လွန်ခဲ့​ပါတယ်။ သူ့​မြေး​ ကိုလှိုင်ဝင်း​က သူ့​ကို​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ချ မီး​ရှို့​လိုက်တာလို့​ အဖွား​က မ​သေခင်မှာ ရွာသား​တွေကို ​ပြောခဲ့​သလို ကိုလှိုင်ဝင်း​ကို ရဲကဖမ်း​သွား​ပြီဆိုမှ အသက်ထွက်သွား​တယ်လို့​ ရွာခံ အမျိုး​သမီး​တဦး​က ​ပြောပါတယ်။ အ​လောင်း​ကို ၁၁ နာရီ​လောက်မှာ သင်္ဂြိုဟ်ပြီး​မှ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ဒီအဖွား​ဟာ အနာကြီး​ရောဂါရှိလို့​ ဓာတ်ဆီနဲ့​အရက်ပျံ​ရောပြီး​ လိမ်း​ရာက ​ဆေး​လိပ်ဖွာလိုက်လို့​ မီး​ကူး​စက်​လောင်သွား​တာလို့​ ​ဖြေဆိုပြီး​တဲ့​နောက် ကိုလှိုင်ဝင်း​ ပြန်လွတ်လာပါတယ်လို့​ ဆိုပါတယ်။ ရွာသူအမျိုး​သမီး​တဦး​က “အဖွား​ကြီး​ကို ဓာတ်ဆီနဲ့​ ​ခေါင်း​က​နေ ​လောင်း​ချပြီး​တော့​ ​အောက်က​နေ ဂတ်စ်မီး​ချစ်နဲ့​ တင်ရှို့​လိုက်တာ​ပေါ့​။ အဲဒီလို တင်ရှို့​တော့​ အဖွား​ကြီး​က ​လောင်သွား​တာ။ တိုင်မှာ တိုင်မှာနဲ့​ ဆိုပြီး​တော့​ ​ဘေး​ကလူ​တွေ ဝိုင်း​ငြှိမ်း​ကြတာ​ပေါ့​ဗျာ။ ​စောင်နဲ့​ ​ရေစွတ် အုပ်လိုက်​တော့​မှ ငြိမ်း​သွား​တာ။ ဝိုင်း​ပြီး​ လုပ်ရာကိုင်ရာက​နေပြီး​တော့​ အဖွား​ကြီး​က မနက် ၂ နာရီထိုး​လောက် ​ရောက်​တော့​ လှိုင်ဝင်း​ကို ဖမ်း​သွား​ပြီဆိုမှ အဖွား​ကြီး​က အသက်ထွက်သွား​တာ သူက။ အဲဒီကျမှ လူ​တွေက အ​လောင်း​ကို တခါတည်း​ ပြင်ဆင်ပြီး​တော့​ သူတို့​ ​နေ့​ ၁၁ နာရီ ထိုး​လောက်ကို မီး​သင်္ဂြိုဟ်လိုက်တယ်။ ဘယ်ရဲမှလည်း​ လာမကြည့်​ရဘူး​” လို့​ ​ပြောပါတယ်။ ဆေး​လိမ်း​တဲ့​ ဓာတ်ဆီဟာ ဒီ​လောက်မီး​လောင်စရာ အ​ကြောင်း​မရှိဘူး​လို့​ ရွာသား​တွေက အခိုင်အမာ တွက်ချက်​နေကြပြီး​ အဖွား​ကို ​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ပြီး​မီး​ရှို့​ခဲ့​တာလို့​ ဆိုပါတယ်။ ဒါ့​အပြင် ဒီမီး​လောင်မှုကို ရဲက လာ​ရောက်မစစ်​ဆေး​တဲ့​အ​ပေါ် ရွာသား​တွေက အပြစ်ဖို့​ ​နေကြပါတယ်။ မီး​ငြိမ်း​သတ်တဲ့​ ​ဒေသခံ​တွေက ကိုလှိုင်ဝင်း​ရဲ့​ အရင်က အဖွား​အိုကို မီး​ရှို့​မယ်လို့​ ​ပြောဆိုကြိမ်း​မောင်​ပြောဆိုမှု​တွေနဲ့​ တကယ်ဖြစ်ပွား​ခဲ့​တဲ့​ ဖြစ်ရပ်ကို ​ထောက်ပြပြီး​ ဒီဖြစ်ရပ်ဟာ လူ​သေမှု၊​ လူသတ်မှု​တွေနဲ့​ ကိုလှိုင်ဝင်း​ကို စွဲဆိုစစ်​ဆေး​အ​ရေး​ယူ​စေချင်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024