ရှမ်းတပ်ကို ဗုံးကြဲရန် အစိုးရပြင်ဆင်
အေးနိုင်
·
July 22, 2011
ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်ပီပီ) ဝမ်ဟိုင်းဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ဒီကနေ့ နေပြည်တော်ကနေ တိုက်လေယာဉ် (၇) စီးဟာ ရှမ်းပြည် နမ့်စမ်လေဆိပ်မှာ ဆီဖြည့်ရပ်နားတယ်လို့ ရှမ်းတပ်မတော်က ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဗိုလ်မှူးစိုင်းလ ကို မေးမြန်းထားပါတယ်။
ရှမ်းပြည်တပ်မတော်ရဲ့ခွင်ထဲမှာ ဘာတွေများ ထူးခြားတာ ဖြစ်နေလဲ။
“ညက ဆက်သွယ်လာတဲ့ အတင်းအရပေါ့။ ဒီနေ့ နေပြည်တော်ကနေ တိုက်လေယာဉ် ၇ စီး အဲဒီမှာ ထွက်လာပြီးတော့ နမ့်စမ် လေယာဉ်ကွင်းမှာ ဆီလာဖြည့်တယ်။ ဆီဖြည့်ပြီး ဝမ်ဟိုင်းကို ဗုံးကြဲဖို့ အဲဒီလို သတင်းရထားတယ်ခင်ဗျ။ အဲဒါ ဝမ့်ဟိုင်းဘက်မှာ မိုးတအားရွာတယ်ဆိုတော့ ဒီည သူတို့ ကြဲဖြစ်ချင်မှ ကြဲဖြစ်မယ်လေ။”
အဲဒါ ဘယ်အချိန်လောက်က သတင်းရတာလဲ ဗိုလ်မှူး။
“အခု ညနေပိုင်းလောက်မှာခင်ဗျ။”
အဲဒီတော့ ဒီ ရှေ့တန်းနယ်မြေတွေကရော ဘာတွေ ထူးခြားလဲ။ တပ်တွေရဲ့ လှုပ်ရှားမှုကရော ဘယ်လို ရှိပါသလဲ။
“ကျနော်တို့ ဝမ့်ဟိုင်းအပြင်ဘက်မှာတော့ နေရာတကာ တိုက်ပွဲ ဖြစ်နေပါတယ်။”
ဝမ့်ဟိုင်းဌာနချုပ်က ဗိုလ်မှူးတို့အတွက် ဘယ်လောက် အရေးပါ ပါသလဲ။ ဘာအတွက် အရေးပါတာပါလဲ။
“ကျနော်တို့ ဝမ့်ဟိုင်းဌာနချုပ်က ငြိမ်းချမ်းရေးယူခါစတုန်းက ကျနော်တို့ တည်ဆောက်ခဲ့တယ်လေ။ အဲဒီမှာ ကျနော်တို့နယ်မြေ စိုးမိုးရေးအတွက်ရော တခြား ကွပ်ကဲမှုရော အလည်ဗဟိုကျတဲ့ နေရာလေ။”
ဒီ လွှမ်းခြုံတဲ့ နေရာတခုကို ဗိုလ်မှူးတို့ ဘယ်လိုမျိုး ကာကွယ်မလဲ ဘယ်လောက်အထိအောင် ပြင်ဆင်ထားပါသလဲ။
“ကျနော်တို့ကတော့ တတ်နိုင်သလောက်တော့ ခုခံသွားမှာပဲ။ ဒါပေမယ့် လက်လွှတ်ရလည်း အဲဒါအတွက် ကျနော်တို့မှာ ဘာကျန်ခဲ့မလဲဆိုရင် အဆောက်အဦတွေပဲ ကျန်မှာပါ။ အဲဒီမှာ ဘာအဆောက်အဦ ရှိလဲဆိုတော့ အဲဒီ ခန်းမတို့၊ အိမ်ရာတို့၊ ပြီးတော့ ခနောက်စိမ်း စက်ရုံတို့၊ ရေအားလျှပ်စစ်တို့ ဒီလောက်ပဲ ကျန်မှာပါ။ အခုက သူတို့ မရမချင်း တိုက်တာက အဲဒီ ကျနော်တို့ ဌာနချုပ် ကျသွားလည်း ကျနော်တို့က ပြိုကွဲသွားတာ မဟုတ်ဘူးလေ။ ဌာနချုပ်ကို လွှတ်ပေးရမယ်လေ။ ဒါပေမယ့် ကျနော့်အမြင်နဲ့ ပြောရမယ် ဆိုရင်တော့ သူတို့ ဌာနချုပ်ရရင် ကိုးကန့်ကို တိုက်တုန်းကလို သူတို့က အပြစ်ဖို့စရာတွေ သူတို့က ကြံစည်မှာပေါ့။ ဥပမာ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံရှိတယ်။ အဲဒီမှာ ပစ္စည်းတွေ ရတယ်။ နောက် ဘိန်းတွေလာချထားမယ်၊ ဘိန်းဖြူတို့၊ ဘိန်းမဲတို့ အဲဒီ စိတ်ကြွဆေးတို့၊ အဲဒါ တခုခုတော့ သူတို့ လုပ်မယ်လို့ ကျနော် ထင်ပါတယ်။”