ပါကစ္စတန်တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းက ကွက်တာ (Quetta) မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုလို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုတခု ဇန်န၀ါရီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးသွားခဲ့ပါတယ်။ ပိုလီယိုကင်းစင်ရေး ဆေးတိုက်ကျွေးတဲ့ဌာနကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးဝန်ထမ်းတွေကို လုံခြုံရေး စောင့်ကြပ်ပေးတဲ့ ရဲလုံခြုံရေးအများစု သေဆုံးတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ကြပြီး တခြားအယောက် ၂၀ လည်း ဒဏ်ရာရခဲ့ပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံ ၂ နိုင်ငံပဲ ကမ္ဘာပေါ်မှာ ပိုလီယိုအမြစ်မပြတ်ဘဲ ကျန်နေတဲ့ နောက်ဆုံး ၂ နိုင်ငံလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ ဒါကြောင့် နှစ်နိုင်ငံလုံးမှာ ပိုလီယိုကင်းစင်ရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေကြပေမယ့် တာလီဘန်တွေက အမြဲပစ်မှတ်ထား တိုက်ခိုက်ခံရတာပါ။ ပိုလီယိုကင်းစင်ရေး လုပ်ငန်းတွေဟာ အနောက်နိုင်ငံတွေရဲ့ သူလျှိုလုပ်ငန်းတွေဖြစ်ပြီး ကာကွယ်ဆေး တိုက်ကျွေးတာဟာလည်း နောက်မျိုးဆက် သားမဖွားနိုင်အောင် မျိုးဆက်ဖြတ်တာလို့ တာလီဘန်တွေက ယုံကြည်နေကြပြီး ပစ်မှတ်ထား တိုက်ခိုက်နေကြတာပါ။ ပါကစ္စတန်နိုင်ငံမှာ အရင်တနှစ်ကနဲ့စာရင် အခုနှစ်အတွင်း ပိုလီယိုဖြစ်ပွားမှု ကျဆင်းလာပေမယ့် တာလီဘန် အကြမ်းဖက်တိုက်ခိုက်မှုတွေကြားက လုပ်ဆောင်ကြရတာကြောင့် အနှောင့်အယှက် အဟန့်အတားတော့ ဖြစ်နေဆဲပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up