Home
မြန်မာသတင်း
ဖားကန့်မြေပြိုမှု ထပ်မံဖြစ်ပွား၊ ကားအချက်ပြပေးသူ ၁ ဦးသေဆုံး
နော်နိုရင်း
·
January 13, 2016
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခါတောင်မှာ ဇန်န၀ါရီ ၁၂ ရက် ညက မြေစာပုံပြိုကျပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးသွားတယ်လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ “အသေအပျောက်ကတော့ ကားပြ၀န်ထမ်းတဦးပဲ။ အဲဒီ ရာဇဌာနီကုမ္ပဏီက၊ သူတို့ကုမ္ပဏီ မြေစာပစ်တဲ့ အပိုင်းမှာပဲလေ” လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။ ဖားကန့်ဒေသခံ ဦးတင်စိုးကလည်း “မနေ့က ည ၁၀ နာရီခွဲလောက်မှာ မြေစာပုံက အက်ကြောင်းတွေ ထလာတဲ့ အခါကျတော့ အဲဒီမှာ ကုမ္ပဏီမှာ ကားတွေ မြေစာသွန်ချတဲ့အခါမှာ အချက်ပြပေးတဲ့သူရှိတယ်။ ကုမ္ပဏီနာမည်က ရာဇဌာနီ (ခေါ်) မြန်မာတကောင်း။ အဲဒီကလေးက မြေစာတွေ အက်ကြောင်းထပြီး ပြိုတော့မယ်ဆိုတဲ့အခါမှာ သူက ခရာမှုတ်ပြီး အောက်မှာ ရေမဆေးကြောက်ရှာတဲ့သူတွေကို အချက်ပေးတာပေါ့။ အဲလို အချက်ပေးတဲ့အခါကျတော့ အောက်မှာရှာနေတဲ့ ရေမဆေးသမားတွေက အကုန်လုံး လွတ်မြောက်သွားတယ်ပေါ့။ ဒါပေမယ့် သူကိုယ်တိုင်က ပါသွားရှာတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်အထိ ပျောက်ဆုံးတဲ့ လူဦးရေ အရေအတွက်ကို တိတိကျကျ မသိရှိရသေးသလို နောက်ထပ်သေဆုံးသူတွေ ရှိကောင်းရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဖားကန့်မှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် လူ ၁၀၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်ကလည်း ကောင်းခါးကျေးရွာအုပ်စုမှာ မြေစာပုံပြိုကျခဲ့လို့  ရေမဆေးကျောက် ရှာဖွေနေသူ ၅၀ နီးပါး ပျောက်ဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024