Home
အထွေထွေ
မီတာခတိုးမြှင့်ရန် အမျိုးသားစွမ်းအင်မူဝါဒတွင် အကြံပြု
ပိုင်စိုး
·
January 12, 2016
စွမ်းအင်ကဏ္ဍမှာ နိုင်ငံတော်က စိုက်ထုတ်ကျခံနေရတာကို လျှော့ချနိုင်ဖို့အတွက် ဓာတ်အား လျော့နည်း ပျောက်ဆုံးတာတွေကို လျှော့ချဖို့နဲ့  မီတာခဈေးနှုန်းပြောင်းလဲတာတွေကို မဟာဗျူဟာအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ အမျိုးသားစွမ်းအင်မူဝါဒ ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။ ကနဦးအနေနဲ့ ပထမ ၂ နှစ်မှာ စက်မှု၊ ဖြေဖျော်ရေးနဲ့ စီးပွားရေးလုပ်ငန်းသုံး ဓာတ်အားခနှုန်းတွေကို ၂၀ ရာခိုင်နှုန်းမြှင့်တင်တာ၊ သတ်မှတ်ပမာဏထက် ဓာတ်အား ပိုသုံးနေကြတဲ့ အိမ်သုံး လျှပ်စစ်ဓာတ်အားခကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်တာ၊ အလယ် အလတ် ၀င်ငွေရှိသူတွေကိုတော့ ၁၀ ရာခိုင်နှုန်းနဲ့ အလယ်အလတ်ထက်လျော့နည်းဝင်ငွေရှိသူတွေကို ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံဖို့နဲ့ အစိုးရသတ်မှတ်ပမာဏအထိပဲ သုံးနေကြတဲ့ ဆင်းရဲနွမ်းပါးသူတွေကိုတော့ လက်ရှိနှုန်းထားအတိုင်းထားဖို့ အကြံပြုထားတာပါ။ ဓာတ်အားလိုင်းတွေရဲ့ ဓာတ်အားပျောက်ဆုံးမှုဟာ ၂၇ ရာခိုင်နှုန်းအထိ မြင့်မားနေပြီး ဒါဟာ လျှပ်စစ်ကဏ္ဍမှာ ကန့်သတ်ချက်တခု ဖြစ်နေတယ်လို့ အမျိုးသားစွမ်းအင်မူဝါဒ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဓာတ်အားပို့လွှတ်ရာမှာ ဓာတ်အားကို ဗို့အားအဆင့်အလိုက် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ ပို့လွှတ်နိုင်ဖို့ ဓာတ်အားပေးရုံနဲ့ ဓာတ်အားခွဲရုံတွေမှာ ဗို့အားထိန်းညှိပေးတဲ့ စက်ပစ္စည်းတွေ ထပ်မံတပ်ဆင်ဖို့လိုမယ်လို့လည်း အကြံပြုထားပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားလုပ်ငန်း စီမံမှုအားနည်းတာ၊ ၀န်ထမ်းတွေတတ်ကျွမ်းမှု နည်းပါးတာ၊ အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုခန့်မှန်းချက်သေချာရေရာစွာမရှိတာ၊ ကုန်ကျစရိတ်အနည်းဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံချက်မရှိတာနဲ့ နိုင်ငံတော်က လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို ထိန်းချုပ်ထားတာတွေကိုလည်း အမျိုးသားစွမ်းအင်မူဝါဒမှာ ထောက်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024