ယီမင်ရှိ အမ်အက်စ်အက်ဖ် ဆေးရုံတရုံ ဒုံးကျည်ထိမှန်၊ လူ ၅ ဦး သေဆုံး

ယီမင်နိုင်ငံမြောက်ပိုင်း၊ ဆဒါးပြည်နယ်မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ဖွင့်လှစ်ထားတဲ့ ဆေးရုံတရုံ ဇန်န၀ါရီ ၁၀ ရက်နေ့က ဒုံးကျည်ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးသွားပါတယ်။ ဒီ ဆဒါးပြည်နယ်ဟာ ဟူသီသူပုန်တွေရဲ့ အမာခံပြည်နယ် ဖြစ်ပါတယ်။ လူ ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းက ပစ်ခတ်တာလား၊ မြေပြင်ကပဲ ပစ်ခတ်တာလားဆိုတာ မရှင်းသေးဘူးလို့ အမ်အက်စ်အက်ဖ်က ပြောပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ၃ ဦးဟာ အမ်အက်စ်အက်ဖ် ဆေးရုံဝန်ထမ်းတွေဖြစ်ပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောပါတယ်။ ဒါဟာ ယီမင်နိုင်ငံမှာ အမ်အက်စ်အက်ဖ်ဆေးရုံတွေ ၃ လအတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်ခံရတာဖြစ်ပြီး အမ်အက်စ်အက်ဖ်က ဒီပစ်ခတ်မှုကို အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဆေးရုံဆေးခန်းတွေကို လေးစားအသိအမှတ်ပြုဖို့ အမ်အက်စ်အက်ဖ်က အချိန်နဲ့အမျှ တိုက်တွန်း တောင်းဆိုနေပြီး အခုလည်း ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ လူနာတွေနဲ့ ဆေးရုံဆေးခန်းတွေကို ဘယ်စစ်တပ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အသိအမှတ်ပြု လေးစားကြဖို့ အမ်အက်စ်အက်ဖ်က ထပ်မံတောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေက ဆဒါးပြည်နယ်နဲ့ တိုင်းစ်မြို့မှာ ပစ်ခတ်ခံရတုန်းကတော့ ဆော်ဒီနဲ့ မဟာမိတ် လေကြောင်းပစ်ခတ်မှုတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက အာဖဂန်နစ္စတန်နိုင်ငံ ခွန်ဒုဒ်မြို့မှာ အမ်အက်စ်အက်ဖ် ဆေးရုံတရုံ အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်ခံရလို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up