ဂျပန်စစ်တပ် လက်ရွေးစင် လေထီးခုန်တပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှု ကျင်းပ

1.3K
ဂျပန်စစ်တပ် လက်ရွေးစင် လေထီးခုန်တပ်ဖွဲ့ရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေကို ဇန်န၀ါရီ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီ စစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ်ကျင်းပနေတဲ့ စစ်ရေးလေ့ကျင့်မှု ဖြစ်ပေမယ့် ဒီတနှစ်မှာတော့ မြောက်ကိုရီးယားနိုင်ငံက လောလောဆယ် နျူကလီးယားဗုံး စမ်းသပ်ထားတာ၊ အရှေ့တရုတ်ပင်လယ်မှာလည်း တရုတ်နဲ့ ဂျပန်နိုင်ငံတို့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ပြင်းထန်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင် ၃၀၀ ဟာ အင်အား ၁၆၀၀ ရှိတဲ့ လက်ရွေးစင် ဂျပန်လေကြောင်းချီတပ်မက တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး ဂျပန်နိုင်ငံရဲ့ တခုတည်းသော လေထီးခုန်တပ်လည်း ဖြစ်ပါတယ်။
ကျောပိုးအိတ်အလေးချိန် ကီလို ၁၀၀ နဲ့ အမြင့်ပေ ၁၀၀၀ လောက်က လေထီး ခုန်ချခဲ့ကြပြီး လက်တွေ့တိုက်ပွဲတွေမှာ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေ၊ ကြံ့ကြံ့ခံနိုင်ရည်ကို ရည်ရွယ် လေ့ကျင့်ခဲ့ကြပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက မြောက်ကိုရီးယားနိုင်ငံရဲ့ ၄ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို ဂျပန်နိုင်ငံအနေနဲ့ လုံးဝလက်သင့်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ စစ်လေယာဉ် ၂၁ စီး၊ ဂျပန်နိုင်ငံထုတ် Type-10 တင့်ကားတွေနဲ့ လေ့ကျင့်ခဲ့ကြပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပြည်သူ ၁၂၀၀၀ လောက် လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး အများပြည်သူ လေ့လာကြည့်ရှုခွင့်ပေးတဲ့ စစ်ရေးလေ့ကျင့်မှုတခုလည်း ဖြစ်ပါတယ်။