A d v e r t i s e m e n t With Us

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစပြီး လူနာကုတင် ၁ လုံးလျှင် ကျပ် ၂၂ သိန်းခန့် သုံးစွဲ

၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကစပြီး ဆေးဝါး၊ ဓာတ်ခွဲ၊ ဓာတ်မှန်စတဲ့ သုံးကုန်ပစ္စည်းတွေကို လူနာကုတင်တလုံးမှာ ကျပ် ၂၂ သိန်းလောက် သုံးစွဲနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ပြောပါတယ်။ ဇန်န၀ါရီ ၉ ရက် မနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်စဉ်မှာ ပြောခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားတာပါ။ ပြည်သူ့ဆေးရုံတွေကို လာပြတဲ့အခါ အခြေခံဆေးဝါးတွေနဲ့ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေကို အခမဲ့ ပေးခဲ့ရာကနေ ဒီနှစ်မှာတော့ ဓာတ်ခွဲစမ်းသပ်တာ၊ ဓာတ်မှန် စမ်းသပ်တာတွေကိုလည်း အခမဲ့ရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ ပြီးတော့ ၀န်ကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာ တပ်ဆင်နေတဲ့ CYCLOTRON စက်ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒီစက်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး တပ်ဆင်တာဖြစ်ပြီး ကင်ဆာရောဂါတွေကို ရှာဖွေ ကုသပေးနိုင်မယ်လို့ သိရပါတယ်။ နိုင်ငံတော်အနေနဲ့ လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံရေးကို သက္ကရာဇ် ၂၀၃၀ မှာ အောင်အောင်မြင်မြင် ကျင့်သုံးနိုင်ရေး လမ်းစဉ်ကို ချမှတ်ထားတယ်လို့လည်း ၀န်ကြီးက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up