စစ်ဖြစ်ဖို့ တဲတဲသာလိုဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားကို ရည်ရွယ်တဲ့ တောင်ကိုရီးယားရဲ့ အသံချဲ့စက်သုံး ဝါဒဖြန့် ထုတ်လွှင့်မှုတွေဟာ ပြိုင်ဘက်နိုင်ငံတွေကြား စစ်ဖြစ်ဖို့ တဲတဲသာ လိုတဲ့ အခြေအနေကို ဆိုက်ရောက်စေတယ်လို့ မြောက်ကိုရီယား ထိပ်တန်း အရာရှိတဦးက ဇန်န၀ါရီ ၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က အသံတိုက်ပွဲကို ပထမဆုံး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကြိုတင် မကြေညာဘဲ စတု​တ္ထ အကြိမ် နျူကလီးယား စမ်းသပ်မှုကို ဇန်န၀ါရီ ၆ ရက်နေ့က လုပ်ခဲ့လို့ အမေရိကန်နဲ့ တရုတ်ကပါ ဒေါသထွက်ခဲ့ကြပါတယ်။ အမေရိကန် အစိုးရနဲ့ လက်နက်ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားက ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်အောင်မြင်တယ်ဆိုတဲ့ ပြောဆိုချက်ကို သံသယ ရှိခဲ့ကြပါတယ်။ စမ်းသပ်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားက နားကွဲလောက်တဲ့ ဝါဒဖြန့်မှုတွေကို မြောက်ကိုရီးယားနဲ့ နယ်စပ် တလျှောက်မှာ ထုတ်လွှင့် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်ကလည်း ဒါမျိုး လုပ်ခဲ့လို့ ၂ နိုင်ငံ စစ်တပ်တွေ အမြောက်နဲ့ အပြန်အလှန် ပစ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယား အလုပ်သမားပါတီ ဝါဒဖြန့်ချိရေးဌာန အကြီးအကဲ ကင်မ်ကိနမ်ကတော့ ဒီလုပ်ရပ်ဟာ ဟိုက်ဒြိုဂျင်ဗုံး ပထမဆုံး အောင်အောင်မြင်မြင် စမ်းသပ်နိုင်မှုကို မနာလိုတာကြောင့် လုပ်တာလို့ ပြောပါတယ်။ မြို့တော်ပြုံယမ်းရဲ့ မြို့လယ်မှာ ထောင်နဲ့ချီတဲ့ လူတွေ စုရုံးပြီး ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်မှု အောင်မြင့်တာကို ဂုဏ်ယူတဲ့ ဝါဒဖြန့် ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားရင်း စီတန်းလှည့်လည်နေပုံ ရုပ်သံကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRTက ထုတ်လွှင့်ပြသပါတယ်။ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား စစ်တပ် အကြီးအကျယ် ချထားတဲ့ နယ်စပ်တလျှောက် နေရာ ၁၁ နေရာမှာ တောင်ကိုရီးယားက အသံချဲ့စက်တွေ ချထားပြီး မြောက်ကိုရီးယား အစိုးရကို ဝေဖန်တဲ့ ဝါဒဖြန့်မှုတွေနဲ့ K-pop ဂီတတွေကို ထုတ်လွှင့်နေ ပါတယ်။ မြောက်ကိုရီးယားကလည်း နောက်ပိုင်းမှာ တန်ပြန် အသံလွှင့်မှုတွေ လုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up