A d v e r t i s e m e n t With Us

အီဂျစ်တွင် အစ္စရေးခရီးသည်တင်ကားကို သေနတ်သမားများ ပစ်ခတ်

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ အစ္စရေးခရီးသွားတွေ စီးနင်းလိုက်ပါလာတဲ့ ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားတစီးကို မော်တော်ဆိုင်ကယ်တစီးပေါ်က သေနတ်သမားတွေက ဇန်န၀ါရီ ၇ ရက်နေ့က ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် သေဆုံး ဒဏ်ရာရသူ မရှိဘူးလို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပစ်ခတ်မှုဟာ မြို့တော်ရဲ့ အနောက်တောင်ဘက်က ဂီဇာ ပိရမစ်ဆီသွားတဲ့ လမ်းပေါ်က ပိရမစ်သုံးသွယ် ဟိုတယ်မှာ ဖြစ်ခဲ့တာပါ။ ဘတ်စ်ကား စီးလာတဲ့သူတွေက အစ္စရေးနိုင်ငံသား အာရပ်လူမျိုးတွေလို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ သေနတ်သမားတယောက်ကို အခင်းဖြစ်ရာမှာတင် ဖမ်းနိုင်ခဲ့ပြီး နောက်တယောက်ကိုတော့ ကိုင်ရိုမြို့ တခြားတနေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ မသိရသေးပါဘူး။ တိုက်ခိုက်မှုအတွင်း ဟိုတယ်ရဲ့ ရှေ့ပိုင်း အဓိက ပြတင်းပေါက်တွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဟာ အီဂျစ်နိုင်ငံရဲ့ စီးပွားရေး မဏ္ဍိုင်ပါ။ အာဏာရှင် မူဘာရတ်ကို ဖယ်ရှားခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး နိုင်ငံရေး မငြိမ်သက်မှုကနေ နာလံထူအောင် ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up