လုပ်ကြံသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် သီရိလင်္ကာသမ္မတ

လုပ်ကြံသူကို ကောင်းချီးပေးနေသည့် သမ္မတ
2.7K
သီရိလင်္ကာသမ္မတ မိုင်သရီပါလာ စီရီစေနာက သူရဲ့ သမ္မတသက်တမ်း ၁ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က သူကို သတ်ဖို့ စီစဉ်အကွက်ချခဲ့သူ တမီးလ်ကျားသူပုန်တယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
စီရီစေနာ စိုက်ပျိုးရေးဝန်ကြီးဘဝ ၂၀၀၅ ခုနှစ်က လူသတ်ဖို့ ကြံစည်မှုနဲ့ စီဗာရာဂျာ ဂျီနီးဗန်ကို မနှစ်က ဇန်နဝါရီလက ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချခဲ့တာပါ။
“ကျနော်စိုးရိမ်တာက နောက် ၅ နှစ်မှာ ကျနော် ဘယ်ရောက်နေမလဲ ဆိုတာ မဟုတ်ဘူး။ ကျနော်တိုင်းပြည် ဘယ်ရောက်နေမှာလဲ၊ ကျနော်က ဘာဖြစ်သင့်တာလဲ ဆိုတာပါ။ ကျနော်အတွက် နိုင်ငံရေးလုပ်ငန်းစဉ် မရှိပါဘူး၊ နိုင်ငံအတွက် နိုင်ငံရေးလုပ်ငန်းစဉ်ပဲ ရှိတယ်။ ကျနော်နိုင်ငံကို ကြီးမြတ်တဲ့နိုင်ငံ ဖြစ်အောင် လာမယ့် ၅ နှစ်အတွင်း လုပ်ဖို့ အိပ်မက်ပဲ ရှိတယ်” လို့ သမ္မတက ပြောပါတယ်။
အဲဒီနောက် သမ္မတက ဂျေနီးဗန်ကို စင်ပေါ်ကနေ ကြိုဆိုခဲ့ပြီး လက်ဆွဲနှုတ်ဆက်ရင်း သူနဖူးကို ထိပြီး ကောင်းချီးပေးပါတယ်။ စီရီစေနာဟာ ကရုဏာထားတဲ့ အုပ်ချုပ်မှုနဲ့ တည်ငြိမ်တဲ့ တိုင်းပြည်ဖြစ်စေမယ်လို့ ကတိပေးရင်း အာဏာရလာတာပါ။
၂၅ နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ အမာခံ သူပုန်တွေကိုလဲ လွှတ်ပေးခဲ့ပြီးပါပြီ။ စီရီစေနာရဲ့ အတိုက်အခံတွေကတော့ တိုင်းပြည်လုံခြုံရေးကို အားနည်းအောင် လုပ်တယ်လို့ သူ့ကို စွပ်စွဲခဲ့ကြပါတယ်။
သီရိလင်္ကာသမ္မတဟာ အဂတိလိုက်စားမှု အဆုံးသတ်ရေး၊ အရင်သမ္မတရဲ့ တရုတ်အာရုံစိုက် နိုင်ငံခြားရေး မူဝါဒကို ပြန်ဟန်ချက်ညီစေရေးနဲ့ တရားရေးနဲ့ အရပ်ဘက် ဝန်ဆေင်မှုတွေ လွတ်လပ်တာ သေချာစေရေး ကတိပေးခဲ့ပါတယ်။