လိပ်ကျွန်းအမှုမှန်ပေါ်ရေး သက်သေထွက်ဆိုပေးလိုသူများ ဆက်သွယ်ရန် မေတ္တာရပ်ခံ
DVB
·
January 9, 2016
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ အမှန်တရား ဖော်ထုတ်နိုင်ဖို့အတွက် ခိုင်လုံတဲ့ အသိသက်သေအဖြစ် ထွက်ဆိုလိုသူတွေ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ထံ ဆက်သွယ်ဖို့ မေတ္တာရပ်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။
သက်သေဟာ အမှု့ဖြစ်ရပ်မှန်ကို မြင်/တွေ့/သိ ဖြစ်ခဲ့ရိုး မှန်ကန်ရင် အယူခံတရားရုံးမှာ တင်ပြတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
သက်သေထွက်ဆိုမယ့်သူဟာ တခြား တနိုင်ငံမှာ ရောက်နေသူ ဖြစ်ဖြစ်၊ ပြည်တွင်းနေထိုင်သူများပဲ ဖြစ်ဖြစ် လုံခြုံရေးနဲ့ အလုပ်အကိုင် အဆင်ပြေစေရေးတို့ကို အထူးတာဝန်ယူပေးမယ်လို့လည်း မေတ္တာရပ်ခံစာမှာ အာမခံထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင်ထဲက လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နှစ်ဦး အသတ်ခံရမှုအတွက် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ် ချမှတ်ထားပြီး ဒီလကုန်မှာ အယူခံဝင်ဖို့် မြန်မာသံရုံး အထူးအဖွဲ့နဲ့ ထိုင်းရှေ့နေကောင်စီတို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး သံဃာတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတခုမှာ မျက်မြင်သက်သေဆိုသူ အမျိုးသားတယောက်က မျက်နှာဖုံးစွပ်ပြီး ပါဝင်ခဲ့ပါတယ်။