ထိုင်းတွင် လက်နက်နှင့် မူးယစ်ဆေးဝါးလဲလှယ်မှု ပထမဆုံးအကြိမ် ဖမ်းမိ




1.4K
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးပါဝင်ပတ်သက်နေတဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါးလဲလှယ်မှုကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိပါတယ်။
လူ ၁၀ ဦးပါ မူးယစ်မှောင်ခိုဂိုဏ်းတခုစီကနေ စိတ်ကြွဆေး အလုံးရေ ၃၉၈၀၀၀ (၄ သိန်းနီးပါး)၊ အိုက်စ်မူးယစ်ဆေး ၃ ကီလိုဂရမ်၊ အမ် ၁၆ သေနတ် ၅ လက်၊ အေကေ ၄၇ သေနတ် ၅ လက်၊ ကား ၃ စီး တယ်လီဖုန်း ၁၅ လုံး၊ ခရက်တစ်ကတ် ၄ ခု နဲ့ ငွေသား ၂၃၀၀၀ ဘတ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ချင်းမိုင်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေရှိမယ်လို့ ကြိုတင်သတင်းရထားချက်အရ ဇန်န၀ါရီ၃ရက်ညက နယ်မြေတွင်း မသင်္ကာသူတွေကို လိုက်လံကြည့်ရှုရာကနေ ပါဒန်းရပ်ကွက် ဟိုတယ်တခုအနီး ရပ်ထားတဲ့ အဖြူရောင် နစ်ဆန်းကားတစီးပေါ်ကနေ စိတ်ကြွဆေး ၄ သိန်းနီးပါးနဲ့ အိုက်စ်ဆေးတွေ ဖမ်းမိခဲ့တာလို့ အမှတ် ၅ တိုင်းဒေသ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထနစ်ဆဒ် ထီရဆ၀ဒီက ဇန်န၀ါရီ ၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိတဲ့ ကားပိုင်ရှင် နိုင်းဖုန်းဖိဖတ် အင်းပရဒစ်ဟာ ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ နေထိုင်ပြီး အိမ်နီးချင်းနိုင်ငံဆီကနေ မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ အဓိက မူးယစ်ဆေးဝါးဖြန့်ဖြူးသူလို့ ဒုရဲမှူးကြီးကပြောပါတယ်။
ဒီနောက် မူးယစ်ဆေးဝါးတွေဆက်လက်ဖြန့်ဖြူးမယ့် ကျန်မူးယစ်အဖွဲ့ဝင်တွေကို ဆက်လက်ဖမ်းဆီးရမိဖို့ အရင်ဖမ်းမိထားသူကို ဖုန်းဆက် ချိန်းဆိုစေခဲ့တယ်လို့ ဆိုပါတယ်။
ချိန်းဆိုချက်အရ ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုံဌာနီခရိုင် လောင်းလုံမြို့ ဂေါက်ကွင်းအ၀င်လမ်းမှာ သွားရောက်စောင့်ဆိုင်းပြီး သူတို့ဘက်က မူးယစ်ဆေးပေးတဲ့အခါ တဖက်လူက သေနတ်တွေပြန်ပေးခဲ့ကြောင်း၊ သေနတ်လာပေးတဲ့ အဖွဲ့ထဲမှာ ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးတဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေရာမှာပဲ နောက်ထပ်ချိန်းဆိုထားတဲ့ ကားတစီးစီကနေ စိတ်ကြွဆေး အလုံးရေ ၁၈၀၀၀ကို အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဆီကနေ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ၃ ဦးဟာ ချင်းရိုင်းခရိုင်မှာ နေထိုင်တယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါးနဲ့ လက်နက်လဲလှယ်တဲ့အမှုဟာ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် ဖမ်းမိတာဖြစ်ပြီး နောက်ထပ်ကွင်းဆက်တွေကိုလည်း စုံစမ်းဖမ်းဆီးအရေးယူသွားမယ်လို့ ထိုင်းအမျိုးသားရဲချုပ် ကျကထစ် ချိုင်းကျင်းဒါးက ဘန်ကောက်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း