ဇော်ဝင်းထွဋ်ရဲ့သီချင်းသစ် “စိမ်းလန်းသောငြိမ်းချမ်းခြင်း” ဖြန့်ချိမည်
DVB
·
January 8, 2016
အနာဂတ်မျိုးဆက်သစ်တွေအတွက်ရည်ရွယ်ပြီး “စိမ်းလန်းသောငြိမ်းချမ်းခြင်း”အမည်ရှိ တေးသီချင်းသစ်တပုဒ်ကို ခုရက်ပိုင်းအတွင်း အွန်လိုင်းကနေ ဖြန့်ချိသွားဖို့ ရှိနေတယ်လို့ နာမည်ကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
“နောက်မျိုးဆက်တွေအတွက်ပေါ့။ မြေးလေးအတွက် သီချင်းတပုဒ် မထုတ်ဖူးလားလို့ သူများတွေကပြောလို့၊ မြေးလေးအတွက်ချည်းတော့ မဟုတ်ဘူးပေါ့။ သူတို့ရဲ့မျိုးဆက်မှာ ဘယ်လို ကမ္ဘာကြီးကို ထားခဲ့မလဲဆိုတဲ့ မေးခွန်းကခေါင်းထဲရောက်လာတာပေါ့။ အခုအချင်းချင်း မသင့်မမြတ်တွေဖြစ်နေတယ်။ တယောက်နဲ့ တယောက်ခွဲခြားတယ်။ ဖိနှိပ်တယ်။ အဆင်မပြေတာတွေဖြစ်နေတာကြီးက ငါတို့မြေးလေးတွေကို အဲလို လောကကြီးမှာ ထားခဲ့မလားပေါ့။ ပိုကောင်းတဲ့ ကမ္ဘာကြီးကိုထားခဲ့ချင်တာပေါ့။ အဲတော့ ဒါကနောက် မျိုးဆက်အတွက် သီချုင်းတပုဒ်ဖြစ်တယ်။ အထူးသဖြင့် ငါတို့ရဲ့စိတ်တွေ ပြောင်းလဲလိုက်တာနဲ့ ကမ္ဘာကြီးက စိမ်းလမ်းသွားမှာ သေချာတယ်ပေါ့။ ဒီသတင်းစကားနဲ့ ရေးထားတာ”
အဆိုပါသီချင်းကို တေးရေးဆောင်းဦးလှိုင်က လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်း ရေးစပ်ထားတာဖြစ်ပြီး ရော့ခ်သီချင်း အမျိုးအစားဖြစ်ပါတယ်။
ဒီသီချင်းသစ်ကို ဖြန့်ချိဖို့စီစဉ်နေဆဲဖြစ်တဲ့ လက်ရွေးစင်အခွေသစ်မှာ ဘောနပ်စ်အနေနဲ့ ထည့်ပေးဖို့ ရည်မှန်းထားတယ်လို့လည်း အဆိုတော်ဇော်ဝင်းထွဋ်ကပြောပါတယ်။