ကမ္ဘာ့အကြီးဆုံး နီလာတလုံး သီရိလင်္ကာတွင် ရှာတွေ့ (ရုပ်သံ)

1.7K
ကြယ်ပြာကြီးလို့ ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး နီလာတလုံးကို သီရိလင်္ကာနိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို ကျောက်မျက်တက္ကသိုလ်က ကျောက်မျက် ပညာရှင်တွေက အလေးချိန် ၁၄၀၄.၄၉ ကာရက်ရှိတဲ့ ကြယ်ပြာနီလာကို ကမ္ဘာ့အကြီးဆုံးလို့ ယုံကြည်ကြောင်း ပြောပါတယ်။
ကျောက်ပိုင်ရှင်က သူဘယ်သူဆိုတာ အသိမခံချင်ဘူးလို့ ခွင့်တောင်းပါတယ်။ ၁ ဂရမ်မှာ ၅ ကာရက်ရှိလို့ သူ့ကျောက်ဟာ ၂၈၁ဂ ရမ် ရှိတယ်လို့ ကျောက်ပိုင်ရှင်က ဇန်န၀ါရီ ၆ ရက်နေ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။
သီရိလင်္ကာ စီးပွားရေးသမားက ဒီကျောက်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၁၇၅ သန်းထိ ရောင်းရနိုင်တယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်ကတေ့ အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ နဲ့ တန်ဖိုးဖြတ်ပါတယ်။
သူဟာ ဒီကျောက်ကို သီရိလင်္ကာနိုင်ငံ တောင်ပိုင်း ရတ်နာပူရမြို့က ကျောက်တွင်းတွေ ပိုင်တဲ့ ကျောက်ကုန်သည်တယောက်ဆီက မနှစ်က စက်တင်ဘာ အစောပိုင်းက ဝယ်ယူခဲ့တယ်လို့ ပြောပါတယ်။
လုံခြုံရေးကို စိုးရိမ်လို့ ဒီကျောက်ကို ရှာတွေ့တာကိုရော ဝယ်ခဲ့တာကိုပါ လျှို့ဝှက် ထားတယ်လို့ ဆိုပါတယ်။ ဒီကျောက်ကို သူက အာဒမ်ရဲ့ ကြယ်လို့ နာမည်ပေးထားပါတယ်။
မွတ်စလင်တွေက အာဒမ်ဟာ အေဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံအပြီး သီရိလင်္ကာကို ရောက်လာတယ်လို့ ယုံကြည်ကြပါတယ်။
အာဒမ်က ဘုရားသခင်ဆီက ခွင့်လွှတ်မှုကို တောင်းခံရင်း ကျခဲ့တဲ့ မျက်ရည်တွေက ကျောက်မျက်ရတနာတွေ ဖြစ်လာတယ်လို့လည်း ယုံကြည်ကြပါတယ်။
သီရိလင်္ကာနိုင်ငံဟာ နီလာတွေကြောင့် ကျော်ကြားပါတယ်။ ကမ္ဘာ့အကြီးဆုံး ကြယ်ပွင့်ပါ နီလာပြာ ၃ လုံးဟာ သီရိလင်္ကာနိုင်ငံက ထွက်တာလို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။