A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲ၊ စိန်ခေါ်မှုကို တုံ့ပြန်မည်ဟု နိုင်ငံတကာပြော (ရုပ်သံ)

မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့က ဟိုက်ဒရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ် ဖောက်ခွဲလိုက်အပြီး ငလျင်နဲ့အတူ နိုင်ငံတကာ ဆက်ဆံရေးမှာပါ ဂယက်ရိုက်ခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက အရေးပေါ်လုံခြုံရေးအစည်းအဝေးကို ချက်ချင်းခေါ်ယူလိုက်သလို ဂျပန်အစိုးရကလဲ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာရိုလင်း ကနေဒီဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖုမိအို ခိရှိဒနဲ့ တွေ့ဆုံပြီး ဂျပန်နဲ့ အတူ အမေရိကန်က သွေးစည်းရပ်တည်မယ်လို့ ကတိပြုလိုက်ပါတယ်။ ၄ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းရဲ့ အမိန့်အရ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက ကြေညာခဲ့ပါတယ်။ ကြေညာချက် မတိုင်မီ အရင်တည်းက နျူးကလီးယားစမ်းသပ်မှုတွေ လုပ်ရာ ပွန်ဂေရိဒေသကနေ မိုင် ၃၀ အကွာမှာ အင်အား ရစ်ချတ်တာ စကေး ၅.၁ ရှိတဲ့ ငလျင် လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒစစ်တမ်းဌာနက အစီရင် ခံပါတယ်။ မြောက်ကိုရီးယားရဲ့ ကြေညာချက်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကြီးစားခြိမ်းခြောက်မှုအဖြစ် ရှုမြင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယားဟာ နျူးကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူဒဏ်ခတ်မှုအောက်မှာ နေရတာပါ။ အခု စမ်းသပ်မှုကြောင့် နောက်ထပ် အရေးယူမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ လုံခြုံရေးကောင်စီဟာ ဇန်န၀ါရီ ၆ ရက်နေ့ နှောင်းပိုင်းမှာ အစည်းအဝေး လုပ်မှာ ဖြစ်ပြီး နောက်ထပ် ဘယ်လို ခြေလှမ်းတွေ လှမ်းမယ်ဆိုတာ ဆွေးနွေးမယ်လို့ သံတမန်တွေက ပြောပါတယ်။ အိမ်ဖြူတော်ကတော့ မြောက်ကိုရီးယားရဲ့ ပြောဆိုမှုကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ဟာ မဟာမိတ်နိုင်ငံတွေကို ကာကွယ်သွားမှာ ဖြစ်ပြီး ကျူးကျော်ရန်စမှုတွေကို သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ဂျပန်ဟာ နိုင်ငံတကာအဆင့်မှာ နျူးကလီးယား လက်နက်တွေ ဖောချင်းသောချင်း ပြန့်ပွားမယ့် အရေးကို ဆန့်ကျင်ပြီး မြောက်ကိုရီးယားရဲ့ စိန်ခေါ်မှုကို ခိုင်ခိုင်မြဲမြဲ တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားအစိုးရကတော့ ၄ ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုအတွက် မြောက်ကိုရီးယားက ပေးဆပ်ရတာ သေချာအောင် ဖြစ်နိုင်သမျှ လုပ်ဆောင်ချက် အားလုံးကို လုပ်သွားမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရ သတင်းဌာနက သူတို့ဟာ အမေရိကန်က ရန်လိုတဲ့ ရပ်တည်ချက် ရှိနေသရွေ့ နျူးကလီးယားအစီအစဉ်ကို လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲတဲ့ နေရာဟာ တရုတ်နယ်စပ်နဲ့ ၅၅ မိုင်သာ ဝေးပြီး မြေပြင်တုန်ခါမှုတွေကို ခံစားခဲ့ရတယ်လို့ တရုတ်ဒေသခံတွေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up