A d v e r t i s e m e n t With Us

ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ အင်္ဂလန်နိုင်ငံသားကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံမှာ အင်္ဂလန်နိုင်ငံသားတဦးကို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုအတွက် ဇန်န၀ါရီလ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် ဖေဘီယန်ဖရက်ဒရစ်ဘလဲန်းဖို့ဒ်ဟာ ချင်းမိုင်ခရိုင် ဖန်မြို့နယ် တန်ဘန်ဝင်းအရပ်မှာ ညစ်ညမ်းကလေးပုံတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ ကလေးညစ်ညမ်းပုံတွေကို ကိုယ်တိုင်ရိုက်ယူခဲ့ပြီး သူ့ရဲ့ကွန်ပျူတာထဲမှာ သိမ်းဆည်းထားခဲ့တာလို့ အထူးစုံစမ်းစစ်ဆေးရေးဌာန တာဝန်ရှိသူတွေက သူ့အိမ်တွင်း ၀င်ရောက်စစ်ဆေးချိန်မှာ ၀န်ခံထွက်ဆိုခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ကလေးသူငယ်ညစ်ညမ်း ပုံနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို လက်ဝယ်တွေ့ရှိသူ ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်ကြေးငွေ ဘတ် ၁ သိန်းထိ ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘလဲန်းဖို့ဒ်ဟာ ချင်းမိုင်မြို့ကို မူလက ဗုဒ္ဓဘာသာဘုန်းကြီးတပါးအဖြစ် ၀င်ရောက်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ လူဝတ်လဲကာ ထိုင်းအမျိုးသမီးတဦးနဲ့ လက်ထပ်ခဲ့တာပါ။ သူတို့မှာ ကလေးတဦးရှိပြီး ဘလဲန်းဖို့ဒ်ဟာ ဖန်မြို့နယ်တွင်းက ဒေသခံကလေးတွေနဲ့ ရင်းနှီးတယ်လို့ ဆိုပါတယ်။ သူက အင်္ဂလိပ်စာသင်ကြားပေးတာတွေအပြင် ထိုင်းဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းတွေ့ရှိ ထားတယ်လို့ ဆိုပါတယ်။ ကလေးသူငယ်ညစ်ညမ်းပုံတွေကို ဘလဲန်းဖို့ဒ်အသုံးပြုနေတဲ့ အိုင်ပီလိပ်စာမှတဆင့် အမေရိကန်နိုင်ငံ၊ လုံခြုံရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာနမှ ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာနဆီ အကြောင်းကြားခဲ့ချိန်မှာ ဒီစစ်ဆေးမှုကို စတင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up