ရေလွှမ်းမိုးမှုကာကွယ်ရေး မြစ်ဝှမ်းဒေသအာဏာပိုင်အဖွဲ့ ဖွဲ့စည်းရန်လို

ဓာတ်ပုံ - MOI
4K
ရေလွှမ်းမိုးမှုတွေကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မြစ်ဝှမ်းဒေသအာဏာပိုင်ဆိုင်ရာ ဖွဲ့စည်းမှုဥပဒေတွေ ရေးဆွဲပြီး ဥပဒေနဲ့ အညီ မြစ်ဝှမ်းဒေသ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးကို လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ချမှတ်ထားဖို့ လိုတယ်လို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောပါတယ်။
ဇန်န၀ါရီ ၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာပါ။
အဓိကမြစ်ကြီးတွေမှာ ဘက်စုံပါဝင်တဲ့ Water Basin စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးမှုအစီအမံတွေလုပ်ဖို့၊ ရာသီအလိုက် ရေစီးဆင်းတာကို ထိန်းညှိဖို့အတွက် ရေထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲစည်းဖို့၊ မြစ်ကြောင်းတွေမှာ ရေကြီးတာကို ထိန်းချုပ်နိုင်မယ့် တာတမံတွေ တည်ဆောက်ဖို့၊ ပေါင်းစည်းမြစ် စီမံခန့်ခွဲမှုစနစ်တွေ တည်ဆောက်ဖို့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှု အားကောင်းစေဖို့ တွေကို ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ ဒု သမ္မတက ဆိုပါတယ်။
၁၉၉၇-၁၉၉၈ ခုနှစ် အယ်လ်နီညို ရာသီဥတုကြောင့် မြို့ကြီး ၁၈ မြို့မှာ အပူချိန် အမြင့်ဆုံး စံချိန်သစ်တွေ တင်ခဲ့ပြီး ၁၅ မြို့မှာ မိုးရေချိန်အနည်းဆုံး စံချိန်သစ်တွေ တင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
၂၀၁၅ ခုနှစ် မိုးရာသီကတော့ တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပါတယ်။