A d v e r t i s e m e n t With Us

ပုဂံ နန်းကြည့်ကုန်းပေါ်ရှိ နေအိမ်များ ၉ ရက်အတွင်း ဖယ်ရှားမပေးရင် အရေးယူမည်

ပုဂံညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနီး နန်းကြည့်ကုန်းပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ လူနေအိမ်တွေနဲ့ ကာရံထားတဲ့ ဝင်းခြံတွေကို ၉ ရက်အတွင်း ဖျက်သိမ်းပေးဖို့နဲ့  ဖျက်သိမ်းမပေးရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက သတိပေးကြေညာထားပါတယ်။ ညောင်ဦးမြို့ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ နန်းကြည့်ကုန်းနေရာဟာ ရွှေစည်းခုံဘုရားရဲ့ ဝတ္တကမြေဖြစ်တဲ့အပြင် ကျန်စစ်သားမင်း ရွှေစည်းခုံစေတီတည်စဉ်က ယာယီနန်းတော် ဆောက်လုပ် ကြီးကြပ်စီမံခဲ့တဲ့နေရာဖြစ်လို့ သမိုင်းတန်ဖိုးရှိတဲ့ ရှေးဟောင်း အမွေအနှစ် နေရာ တခုဖြစ်တယ်လို့ ဆိုပါတယ်။ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံဇုန်အတွင်းရှိ နန်းကြည့်ကုန်း နေရာမှာ ခုအခါ လူနေအိမ်အဆောက်အအုံတွေ ကျူးကျော်ဆောက်လုပ်ကာ မြေနေရာတွေကို ရောင်း ဝယ်နေကြပြီး သမိုင်းဝင်နေရာတခု ပျောက်ကွယ်လုအခြေအနေ ရောက်ရှိနေပြီလို့ လည်းဆိုပါတယ်။ ရှေးဟောင်းသုတေသနဌာနအနေနဲ့ ရှေးဟောင်းနေရာကို ထိန်းသိမ်းကာကွယ်ဖို့ တာဝန်ရှိတဲ့အတွက် ဒီကနေ့ သတင်းစာထဲမှာ စကြေညာတဲ့နေ့ကစပြီး ၉ ရက်အတွင်း ဖယ်ရှားပေးဖို့ ကြေညာစာထုတ်ထားတာလို့ ဌာနရဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီမှာ ၁၀ အိမ်လောက်လာပြီး တဲပုတ်ကလေးတွေ ကျူးကျော်ဆောက်ထားတယ်။ တားတဲ့အခါကျတော့လည်း မဖယ်ပေးဘူး။ ဘာမှပိုင်ဆိုင်မှုလည်းမရှိဘူး။ ဆိုးတာက နိုင်ငံရေး အပြောင်းအလဲမှာ အမြတ်ထုတ်တဲ့ လူတွေကလည်းရှိတယ်။ ကြွပ်ကြွပ်အိတ်ကြိုးနဲ့ တိုင်လေး ၄ တိုင်လောက်စိုက်ပြီး ဂုန်နီအိတ်ကြိုးလေးတွေနဲ့ချည်ပြီးတော့ ခြံကွက်တွေ လာပြီးလုပ်နေတဲ့ အနေအထားရှိတယ်။ ဥပဒေမဲ့လုပ်သလိုဖြစ်နေတာပေါ့။ ဒါက ရှေးဟောင်းသုတေသန ဌာနတခုတည်းနဲ့ သက်ဆိုင်တာတော့ မဟုတ်ဘူးပေါ့။ ဒေသအာဏာပိုင်တွေကော အကုန်ဝိုင်းလုပ်ကြရမယ့် အနေအထားပေါ့။ အဲဒီနေရာမှာ ဘုရားကုန်းတွေလည်းရှိတယ်။ ဒီပေါ်မှာလာပြီး တဲတွေဆောက်မယ်ဆိုရင် ပျက်စီးသွားမယ်။ ဒါကြောင့်မလို့ တားဆီးတာပါ။” ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ပုဂံနဲ့ မင်းလှအပါအ၀င်  မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းအဆောက်အအုံတွေမှာ ညစာစားပွဲတွေလုပ်ပြီး ခရီးသွားဝန်ဆောင်မှုပေးတာတွေ မလုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက တားမြစ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up