Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်အသစ် စမည်
DVB
·
January 6, 2016
ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ်တော်အသစ်ခေါ်ယူမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနဲ့အညီ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်မှတ်ထိုး ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်တက်ကြမယ့် ကိုယ်စားလှယ်တွေအနေနဲ့ ဇန်န၀ါရီ ၂၅ ရက်ထက်မစော ဇန်န၀ါရီ ၂၆ ရက်ထက် နောက်မကျဘဲ လွှတ်တော်ရုံးကို သတင်းပို့ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် ပထမအကြိမ်လွှတ်တော် အစည်းအဝေးတွေကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မြေပုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုကျင်းပနေတဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းက ဇန်န၀ါရီ ၃၁ ရက် ကုန်ဆုံးမှာဖြစ်တဲ့အတွက် နောက်လွှတ်တော်ကို ဆက်မှာဖြစ်ပြီး ပထမအကြိမ်လွှတ်တော်ထက် သာမယ်လို့ ပြောပါတယ်။ “ဟိုတုန်းက အာဏာရှင်စနစ်က ပါတီစုံစနစ်ပြောင်းတာလေ၊ ဘုမသိဘမသိပေါ့၊ တောက မြို့ကို ရောက်လာသလိုပေါ့။ အခုကတော့ သာမှာပေါ့။ သူတို့ လွှတ်တော်ဆိုတာလည်း မြင်ဖူးပြီ၊ လွှတ်တော်သတင်းချန်နယ်တွေမှာလည်း ကြည့်ဖူးပြီ၊ လွှတ်တော်အကြောင်းလည်း သိပြီးပြီ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း အများကြီး ထိတွေ့ဖူးပြီ၊ အရပ်ဘက်မှာလည်း လွှတ်တော်တွေနဲ့ ဆက်ဆံဖူးပြီဆိုတော့ သူတို့အနေနဲ့ သိပ်ပြီး စိမ်းနေမယ်လို့ ကျနော် မထင်ဘူးဗျ။” ပထမအကြိမ်လွှတ်တော်မှာ အရင်စစ်အစိုးရက ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ ကြီးစိုးခဲ့ပြီး သူတို့ရဲ့ ပထမဆုံး လွှတ်တော်အတွေ့အကြုံ ဖြစ်ပါတယ်။ အခု ဒုတိယအကြိမ်လွှတ်တော်မှာတော့ လွှတ်တော်အတွေ့အကြုံ မရှိသေးတဲ့ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ ကိုယ်စားလှယ်အများစု လွှမ်းမိုးထားမှာ ဖြစ်ပြီး ပထမအကြိမ်လွှတ်တော်က ကိုယ်စားလှယ် အယောက် ၅၀ လောက်ပဲ ပြန်ပါလာမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024