ချဲလ်ဆီးအသင်း ရာသီအကုန်တွင် အမှတ်ပေးဇယားအဆင့် ၄ အတွင်း ၀င်နိုင်ဟု နည်းပြ ပြော

1.2K
ချဲလ်ဆီးအသင်းအနေနဲ့ ရာသီအကုန်မှာ အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာအတွင်း ၀င်နိုင်သေးတယ်လို့ နည်းပြ ဟစ်ဒစ်က ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးနည်းပြ ဟစ်ဒစ်က ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ အခုလို ပြောလိုက်တာပါ။
ချဲလ်ဆီးဟာ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲစလုံးမှာ ရှုံးပွဲ မရှိသေးတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာမှာ ရှိနေတဲ့ စပါးစ်အသင်းနဲ့ ၁၃ မှတ်အကွာနဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
အဆင့် ၄ အတွင်း ၀င်ဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိသေးသလို သွားရမယ့် ခရီးကတော့ အလှမ်းဝေးသေးတယ်လို့လည်း နည်းပြ ဟစ်ဒစ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့လက်ရှိ ချန်ပီယံ ဖြစ်ပေမယ့် ဒီနှစ်ထဲမှာ ရလဒ်တွေ မကောင်းလို့ နည်းပြ မော်ညင်ဟိုကို ထုတ်ပယ်ပြီး နည်းပြသစ် ဟစ်ဒစ်နဲ့ အစားထိုး ခန့်အပ်ထားတာ ဖြစ်ပါတယ်။