“၀န်ကြီးလုပ်ချင်လို့ စာရေးတောင်းသူတွေကို အရေးယူမည်” ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ)

3.7K
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်မှာ ၀န်ကြီးတာဝန်ထမ်းဆောင်ချင်တယ်လို့ စာရေးတောင်းဆိုလာသူတွေကို အရေးယူမယ်လို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇန်န၀ါရီလ ၄ ရက် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့မှာအထိမ်းအမှတ် ပါတီ ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမိန့်ခွန်းမှာ ခုလို ပြောကြားလိုက်တာပါ။
“မပြောဘဲမနေနိုင်လို့ အခု ပြောကိုပြောရမယ်။ ၀န်ကြီးလုပ်ချင်တဲ့လူတွေ တော်တော်မှ ကျမ မကြိုက်ဘူး။ ၀န်ကြီးလုပ်တယ်ဆိုတာ မတတ်သာလို့ တာဝန်ပေးလို့ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ နောက်တခါဝန်ကြီး ဖြစ်ချင်တယ်လို့ စာရေးပြီးတောင်းတဲ့သူတွေကို စည်းမျဉ်းစည်းကမ်းအရ အရေးယူမယ်ဆိုတာ ခပ်ပြတ်ပြတ်သားသား အခု ဒီကနေပဲ ပြောပါရစေ။ ဝန်ကြီးဆိုတဲ့ နေရာကို အလုပ်လုပ်နိုင်တဲ့ သူတွေကို ပေးမှာပါ။ နိုင်ငံအကျိုးပြုနိုင်တဲ့ သူတွေကို ပေးမှာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်မို့လို့ပေးမှာ မဟုတ်ဘူးဆိုတာ အခုကတည်းက နားလည်ပါလို့ ကျမပြောချင်ပါတယ်။”