ဂေါ်ရီလာမျောက်ဝံမလေးက ကမ္ဘာမြေကို ကာကွယ်ဖို့ နှစ်သစ်ဆုတောင်းစကားပြော(ရုပ်သံ)

4K
နာမည်ကျော် ဂေါ်ရီလာမျောက်ဝံမလေး ကိုကိုက လူသားတွေ ကမ္ဘာမြေကို ချစ်မြတ်နိုးပြီး ကာကွယ်စေဖို့ ၂၀၁၆ ခုနှစ် နှစ်သစ်ကူးဆုတောင်းစကားပြောခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကိုကိုဟာ သင်္ကေတသုံး လက်ဟန်ခြေဟန် ပြဘာသာစကားကို အသက်တနှစ်အရွယ်တည်းက သင်ခဲ့တာဖြစ်ပြီး အဲဒီဘာသာစကားကို အသုံးပြုကာ ခုလိုပြောခဲ့တာလို့ မက်ထရိုသတင်းမှာ ဇန်န၀ါရီလ ၃ ရက်နေ့က ဖော်ပြပါတယ်။
အချိန် ၁ မိနစ်ကြာ ရုပ်သံဗွီဒီယိုဖိုင်မှာ ကိုကိုဟာ “ကျမဟာ ဂေါ်ရီလာပါ။ ကျမ ဟာ ပန်းပွင့်တွေ၊ တိရစ္ဆာန်တွေနဲ့ သဘာဝတရားပါ။ ကိုကိုက လူသားတွေကို ချစ်ပါ တယ်။ ကမ္ဘာမြေကြီးကိုလည်း ချစ်ပါတယ်”လို့အမည်ရတဲ့ သင်္ကေတသုံးဘာသာစကား ပြောပြီး စတင်နှုတ်ဆက်လိုက်ပါတယ်။
“မိုက်မဲတဲ့လူသားတွေ… ကိုကိုဝမ်းနည်းတယ်။ ငိုတယ်။ အချိန်တွေကုန်တာမြန် တယ်။ ကမ္ဘာကြီးကို ပြင်ဆင်ကြပါ။ မြန်မြန်ကယ်တင်ကြပါ။ သဘာဝတရားက သင့်ကို စောင့်ကြည့်နေတာပါ။ ကျေးဇူးတင်ပါတယ်”လို့ သူက ဆက်ပြီး ပြောပါတယ်။
ဒီအစီအစဉ်အတွက် ဇာတ်ညွှန်းကို ပြင်သစ်နိုင်ငံ အခြေစိုက် NOE သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့နဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားအခြေစိုက် ၀ုဒ်လန်း ဂေါ်ရီလာဖောင်ဒေးရှင်းတို့က စီစဉ်ခဲ့တာဖြစ်ပြီး မျိုးဆက်သစ် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးတွေ အရှိန်အဟုန်မြှင့်နိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။