အမေရိကန်ပြည်ထောင်စုက သေနတ်ပြပွဲ (ရုပ်သံ)

2.5K
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ချန်တီလီနယ်မြေက ဒဲလပ်စ် အိပ်က်စ်ပိုစင်တာမှာ နှစ်စဉ် ကျင်းပနေကျ "The Nation's Gun Show" သေနတ်ပြပွဲကို ဇန်န၀ါရီ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
သေနတ်ကိုင်ဆောင်မှုကို ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကောင်အထည်ဖော်မယ် ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ စီမံကိန်းကြောင့် သေနတ် ချစ်သူတွေကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ၀ယ်ယူလာအောင် တွန်းအားပေးလိုက်သလိုပဲလို့ ရိုက်တာစ် သတင်းက ဆိုပါတယ်။
အမေရိကန်သမ္မတဟာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကွန်ဂရက်စ်ရဲ့ သဘောတူ ထောက်ခံ ခွင့်ပြုမှု မလိုအပ်တဲ့ ဆောင်ရွက်ချက်တွေကနေတဆင့် သေနတ်ကိုင်ဆောင် အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ ရှေ့နေချုပ် လော်ရက်တာ လင့်ခ်ျနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
သမ္မတဟာ လက်နက်တွေ အလွယ်ဝယ်လို့ရနေတာတွေနဲ့ သေနတ်တွေ လည်ပတ်တည်ရှိနေတာတွေကြောင့် လူအစုလိုက်အပြုံလိုက် ပစ်သတ်ခံရနိုင်တဲ့အဖြစ်တွေ ပိုများလာနိုင်တယ်လို့ ယုံကြည်နေတာပါ။
သေနတ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော် မကြေညာရသေးပေမယ့် အဆိုတင်ထားချက်အရ လက်နက်ငယ်တွေကို ရောင်းချသူတွေအတွက်တောင် ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အပါအ၀င် ရာဇ၀တ်မှုနောက်ကြောင်းရာဇ၀င် ပိုစစ်ဆေးချက်တွေနဲ့ ပျောက်ဆုံး သို့မဟုတ် အခိုးခံ သေနတ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားဖို့ ပိုတင်းကျပ်တဲ့ စည်းကမ်းချက်တွေ ပါဝင်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။
အိုဘားမားရဲ့ အဆိုပြုချက်ကို လက်နက်ရောင်းသူတွေက မကြိုက်နှစ်သက်ကြပဲ ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုတွေဟာ ပြည်သူတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေအပေါ် ချိုးဖောက်တာလို့ ယူဆကြပါတယ်။
the Nation's Gun Show ကို လာရောက်သူ အများစုက သေနတ်ပိုင်ဆိုင်မှုဟာ သူတို့ကို စိတ်လုံခြုံမှု ပိုပေးနိုင်တယ်လို့ ပြောကြပါတယ်။
ပြပွဲပြသသူတွေ ပြောကြားချက်အရ ဒီပြပွဲအတွင်း သေနတ်ပစ်သင်တန်း တက်ဖို့ စာရင်းပေးသွင်းသူ လူပေါင်း ၃၅၀ ကျော် ရှိတယ်လို့ NBC က ပြောသွားပါတယ်။