A d v e r t i s e m e n t With Us

သတင်းစာဆရာ ဦးဝင်းခက် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်

ဆရာဦးဝင်းခက် (ဓာတ်ပုံ - လူထုအော်သံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းကတည်းက ပါဝင်ခဲ့သူတယောက်ဖြစ်တဲ့ သတင်းစာဆရာ ဦးဝင်းခက်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီနေ့ မနက် ၇ နာရီက ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သမီးဖြစ်သူ ဒေါ်နီလာလွင်က ပြောပါတယ်။ အိုးဝေနဲ့ ရှုထောင့်ဂျာနယ်အယ်ဒီတာ ဦးဝင်းခက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီဖြစ်ပြီး  သူ့ဈာပနကိုတော့ ဇန်န၀ါရီ ၇ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီလွတ်မြောက်နယ်မြေမှာ သူနဲ့အတူ အလုပ်လုပ်ဖူးတဲ့ ၁၉၉၀ ပုလဲလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ဦးဝင်းခက်ဟာ အန်အယ်ဒီပါတီ စထူထောင်ကတည်းက ပါလာတဲ့သူတယောက်ဖြစ်တယ်လို့ ပြောပါတယ်။ “အန်အယ်လ်ဒီကို ၁၉၈၈ ခု စဖွဲ့တော့ သိတဲ့အတိုင်း အုပ်စု ၃ စုက စဖွဲ့ခဲ့ကြတာ။ ဒေါ်အောင်ဆန်းစုကြည်အုပ်စု အသိပညာရှင်များအဖွဲ့ကနေပြီးတော့ ဦးဝင်းခက်က ပါလာတာပေါ့။ သူက သတင်းစာဆရာတယောက်အနေနဲ့ ပါလာတယ်လို့ ပြောရမယ်။ ဦးဝင်းခက် တဦးတည်းကို ပြောရင် သူက တတ်သိပညာရှင် လိုင်းကနေ လာတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုက စာနယ်ဇင်း သတင်းစာလောကကဖြစ်တော့ သူလုပ်တဲ့ နိုင်ငံရေးထဲမှာလည်း သူ့ရဲ့ ပင်ကိုယ်အရည်အချင်းကို အများကြီး အသုံးချလို့ရတယ်။ သူလဲ အသုံးချသွားတယ်လို့ ကျနော်မြင်ပါတယ်။ ချုပ်ပြောရရင်တော့ သူဟာ နှစ်မျိုးလုံးပေါ့၊ နိုင်ငံရေးလုပ်တဲ့အခါမှာ သူ့ရဲ့ သတင်းစာအတတ်ပညာကို အခြေခံပြီး လုပ်သွားတယ်လို့ မြင်ပါတယ်။” သတင်းစာဆရာ နိုင်ငံရေးသမား ဦးဝင်းခက် ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ခင်လေးမြိုင်နဲ့ သားသမီး ၃ ယောက်၊ မြေး ၅ယောက်နဲ့ မြစ် ၆ ယောက်တို့ ကျန်ရစ်ပါတယ်။ သူမကွယ်လွန်မီ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က သူ့ရဲ့ ၂၂ နှစ်ကြာ ပြည်တော်ပြန်ခရီးအဖြစ် မြန်မာပြည်ရောက်သွားခဲ့သေးတဲ့အကြောင်း သူ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။ သတင်းစာဆရာ ၀င်းခက်ကို ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ ဖခင် ဦးမောင်စော၊ မိခင် ဒေါ်သန်းယုံတို့က ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၈ ထိ အိုးဝေဂျာနယ်အယ်ဒီတာချုပ်၊ ၁၉၆၉ ကနေ ၁၉၇၁ အထိက ရှုထောင့်ဂျာနယ်အယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့ပါတယ်။ ၁၉၈၆ ကနေ ၁၉၈၈ ထိ ပန်မဂ္ဂဇင်းနဲ့ လှပရုပ်စုံ အယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့က ဖွဲ့စည်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကရင်ပြည်နယ်၊ မာနယ်ပလောကို ရောက်ရှိခဲ့ပြီး အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေအတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၃ ကနေ ၁၉၉၆ အထိနဲ့ ၂၀၀၄-၂၀၀၆ ထိ  အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up