အိန္ဒိယလေတပ်စခန်းကို သေနတ်သမားများ ၀င်ရောက်ပစ်ခတ်

1.2K
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပါကစ္စတန်နဲ့ နယ်စပ် ပန်ဂျပ်ပြည်နယ်ထဲက လေတပ်စခန်းတခုကို သေနတ်သမားတွေ ဇန်န၀ါရီ ၂ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ရဲအဖွဲ့ကို ကိုးကားပြီး သတင်းဌာနတွေက အစီရင်ခံပါတယ်။
သေနတ်သမား ၂ ဦးကို လုံခြုံရေး တပ်ဖွဲ့တွေက အသေပစ်ခတ်ခဲ့ပြီး နောက်ထပ် ၃ ဦးလောက် အဆောက်အအုံတွေထဲမှာ ပုန်းအောင်းနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒေသစံတော်ချိန် မနက် ၄ နာရီကစပြီး သုံးနာရီအတွင်းမှာ သေနတ်သမားတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ နယ်စပ် ရဲမင်းကြီး ဗီဂျေဆင်းက ပြောပါတယ်။
သေနတ်သမားတွေဟာ စစ်တပ် ယူနီဖောင်းတွေကို ၀တ်ဆင်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
အခု တိုက်ခိုက်မှုဟာ မနှစ် ဇူလိုင်လတုန်းက ပန်ဂျပ်ပြည်နယ်ထဲက ရဲစခန်းတခုကို သေနတ်သမားတွေ ၀င်စီးခဲ့လို့ လူ ၉ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု ပုံစံမျိုး ဖြစ်ပါတယ်။
ပါကစ္စတန်ဘက်က တိုက်ခိုက်ရေးသမားတွေဖြစ်တယ်လို့ အိန္ဒိယဘက်က အပြစ်တင်ပါတယ်။ အခု တိုက်ခိုက်မှုကြောင့် နျူကလီးယား လက်နက်ပိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားမှာ နိုင်ငံရေး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ ကြိုးပမ်းချက်တွေကို ထိုးနှက်ချက်လည်း ဖြစ်လာနိုင်ပါတယ်လို့ သတင်းတွေက သုံးသပ်ရေးသားကြပါတယ်။
လောလောဆယ်မှာ ပန်ဂျပ်ပြည်နယ်တခုလုံးမှာ လုံခြုံရေး တပ်လှန့်ထားပြီး လမ်းတွေမှာ စစ်ဆေးရေးတွေ တင်းကြပ်ထားလိုက်ပါတယ်။