Home
မြန်မာသတင်း
အပစ်ရပ် ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် ပထမဆုံးအကြိမ် တိုက်ပွဲပြန်ဖြစ်
DVB
·
January 2, 2016
အပစ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့တွေ ဒီဇင်ဘာ ၃၁ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ်အတွင်းမှာ ယာယီစခန်းချပြီး လှုပ်ရှားနေတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) ကို အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ ၂၇၈ က ဒီဇင်ဘာ ၃၁ ရက်နေ့ သန်းခေါင်းကျော်မှာ ၀င်ရောက် တိုက်ခိုက်ခဲ့တာလို့ အက်စ်အက်စ်အေပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ အခု အစိုးရတပ်က ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ စခန်းဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ် မထိုးခင်က ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဝင်တွေ လှုပ်ရှားခဲ့တဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။ “အန်စီအေ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှ ၀င်ထွက်သွားလာနေတဲ့ ပုံစံမျိုး အစိုးရက နားလည်တယ်၊ ကျနော်တို့က ကျူးကျော်တာပေါ့ဗျာ၊ ကျနော်တို့ကို စွပ်စွဲတဲ့ ပုံစံမျိုး သိထားတယ်၊ ဒီကိစ္စကို ကျနော်တို့လည်း ရှင်းပြတယ်၊ အပစ်အခတ် မရပ်စဲခင်ကတည်းက ရှိပါတယ်၊ အရင်တုန်းကတော့ ပေါ်ပေါ်ထင်ထင်မဟုတ်ဘူး၊ အခုကျ စခန်းလေးတွေနဲ့ နေတဲ့အချိန်ကျတော့ သူတို့ နားလည်မှု လွဲသွားတာက အခုမှ စပြီးတော့ ၀င်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီနယ်ထဲမှာ ကျနော်တို့ကို ပေးမနေချင်တဲ့ ပုံမျိုးနဲ့ ၀င်တိုက်တယ်။” တိုက်ပွဲမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့ပြီး အစိုးရတပ်ရဲ့ ကျဆုံးမှု စာရင်းကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ အစိုးရနဲ့တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ အခုလို နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဆက်ဆံရေးရုံးကနေတဆင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အစိုးရတပ်က တာဝန်ရှိသူတွေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ ဦးအောင်မင်း တို့ကို တရားဝင် အကြောင်းကြားထားတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အစိုးရဘက်က တစုံတရာ အကြောင်းပြန်ကြားတာ မရှိသလို ရှမ်းပြည် တပ်မတော်တောင်ပိုင်းဘက်ကတော့ အန်စီအေ စာချုပ်မှာ ပါတဲ့အတိုင်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ သတင်း - သန်းထိုက်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024