မက္ကဆီကိုမီးတောင်ပေါ် ဖြတ်သွားသည့်ယာဉ် အခြားကမ္ဘာမှ ဖြစ်နိုင် (ရုပ်သံ)

6.6K
မက္ကဆီကိုနိုင်ငံ၊ ပိုပေကက်တာပက်တဲလ်မီးတောင် ကောင်းကင်ယံကနေ ခရစ္စမတ်ကာလတွင်းက ဖြတ်သန်းသွားတဲ့ ချောက်ချားစရာ အလင်းတန်းဟာ အခြားကမ္ဘာတခုမှ အမျိုးအမည်မသိယာဉ် (ယူအက်ဖ်အို) ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ကင်မရာမှ ဖမ်းယူရရှိတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ပြီးနောက်မှာ အဲဒီအလင်းတန်းနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
လူမှုကွန်ရက် အသုံးပြုသူ အများစုက ဒါကို ယူအက်ဖ်အိုယာဉ်အဖြစ် ယုံကြည်ကြပြီး ပြင်ပဂြိုဟ်တခုခုကနေ ကမ္ဘာကို စောင့်ကြည့်နေကြတာ သက်သေပြလိုက်တာပဲလို့ ပြောကြပါတယ်။
ခုမြင်တွေ့ရတဲ့ ယူအက်ဖ်အိုယာဉ်ဟာ မက္ကဆီကိုနိုင်ငံ၊ မီးတောင်တခုဖြစ်တဲ့ ပိုပေပက်တာကက်တဲလ်အနီးကို ချဉ်းကပ်လာခဲ့တယ်လို့ ယူဆနိုင်ပြီး အဲဒီမီးတောင်ဟာ ခုချိန်ထိ ရှင်သန်နေဆဲ မီးတောင်တလုံး ဖြစ်ပါတယ်။
မီးတောင်သက်တမ်းဟာ နှစ်ပေါင်း ၇၃၀၀၀၀ ရှိတယ်လို့ ခန့်မှန်းထားကြပြီး နောက်ဆုံးပေါက်ကွဲမှု ဖြစ်ခဲ့တာဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။