အမျိုးသမီးတဦး၏ မျက်လုံးသူငယ်အိမ်တွင်းမှ ကပ်ပါးသန်ကောင် တွေ့ရှိ (ရုပ်သံ)

4.2K
အမျိုးသမီးတဦးရဲ့ မျက်လုံးသူငယ်အိမ်ထဲမှာ တွေ့ရှိရတဲ့ ကပ်ပါးသန်ကောင်တကောင်ကို ဆရာဝန်တဦးက စစ်ဆေးကြည့်ရှုနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်း အင်တာနက်စာမျက်နှာပေါ်မှာ ကြည့်ရှုသူ ၁၄၀၀၀ ကျော် ရှိခဲ့ပါတယ်။
ဆရာဝန်ဟာ အမျိုးသမီးရဲ့ မျက်စိသူငယ်အိမ် အောက်ခြေထက်ဝက်လောက်မှာ သွားလာနေတဲ့ သေးငယ်ပိန်ပါးတဲ့ ကပ်ပါးကောင်ကို မိုက်ခရိုစကုပ်နဲ့ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
တကယ်လို့များ အဲဒီမျက်စိသူငယ်အိမ်ထဲက ဒီကပ်ပါးသန်ကောင်ကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတဦးက “ဒီဟာကို ဖယ်ထုတ်လိုက်တာကို မြင်ရမှဖြစ်မယ်။ မဟုတ်ဘူးဆိုရင် ဒီည အိပ်နိုင်မှာ မဟုတ်ဘူး” လို့ မှတ်ချက်ပေးထားခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို LiveLeak.com အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ပြီး ၆ နာရီအကြာမှာ စိတ်ဝင်တစား ကြည့်ရှုသူတွေ များလာခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ ဒါဟာ သံလုံးပိုး (ကပ်ပါးပိုး) အမျိုးအစားဖြစ်ပြီး မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်တယ်လို့ ဆိုပါတယ်။
တချို့ကပ်ပါးကောင်တွေဟာ အရှည် ၁ မီတာထိ ရှိနိုင်ပြီး တချို့အမျိုးအစားတွေကတော့ လူ့အသက်အန္တရာယ်ကိုတောင် ထိစေနိုင်တယ်လို့ ဆိုပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘယ်နေရာမှာ ရိုက်ကူးခဲ့သလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။