Home
မြန်မာသတင်း
ရှမ်းရွာသားများကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
နန်းမြနဒီ
·
December 31, 2015
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ ရှမ်းနှစ်သစ်ကူးပွဲသွားတဲ့ ဒေသခံတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မူဆယ် ရှမ်းစာပေယဉ်ကျေးမှုအသင်းက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၈ နဲ့ ၂၉ ရက်နေ့တွေက မူဆယ်မြို့နယ် ကောင်းနာ၊ နားဆီမု၊ မန့်တာ့လုံနဲ့ ဟိုနား စတဲ့ကျေးရွာက လူငယ်တွေဟာ မူဆယ်မြို့ အနောက်တောင်ဘက် မိုင် ၂၀ လောက်ဝေးတဲ့ နမ့်အုမ်ရွာရှိ ရှမ်းနှစ်သစ်ကူးပွဲတော်ကို သွားရောက်စဉ် လမ်းမှာ ဖမ်းဆီးခံခဲ့ကြရတယ်လို့ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းမြတ်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “နမ့်အုမ်ရွာမှာ နှစ်ကူးပွဲလုပ်တော့ အနီးနားဝန်းကျင်က ရွာတွေကိုပါ ဖိတ်တယ်လေ။ အဲဒါ လူငယ်တွေက ပွဲသွားရင်း တချို့က လမ်းပေါ်မှာ၊ တချို့က အသားကင်ဆိုင်မှာ ၀င်စားနေရင်း တအုပ်ကြီးကို ခေါ်သွားတာ၊ ကျနော်တို့သိရသလောက် စုစုပေါင်း ၁၅ ယောက်ရှိတယ်။ မိန်းကလေး ၃ ယောက်ပါတယ်။ အသက် ၁၄ နှစ်နဲ့ ၃၀ ကြား လူငယ်တွေ၊ ပလောင်လည်းပါတယ်၊ ရှမ်းလည်းပါတယ်။ နောက်ထပ် စာရင်းမသိရသူတွေလည်း ရှိသေးတယ်။ သူတို့ကို ဘယ်နားခေါ်သွားလဲ၊ ဘယ်နေရာရောက်နေလဲဆိုတာ ဒီနေ့ထိ မသိရလို့ မိဘဆွေမျိုးတွေ တော်တော်စိတ်ပူနေကြပါတယ်ခင်ဗျ။” အဆိုပါ လူဖမ်းသွားတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ကေအိုင်အေဦးထုပ်ဆောင်းပြီး ယူနီဖောင်းဝတ်တဲ့လူလည်း ပါကြောင်း၊ ကချင်စကားတွေ ပြောကြတယ်လို့  မျက်မြင်ရွာသားတွေက ပြောတယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင်က နမ့်အုမ်၊ တီးမ၊ မန့်တာလုံ စတဲ့ ကျေးရွာအုပ်စုထဲမှာ တရွာကို လူ ၆ ယောက် စစ်မှုထမ်းဖို့ ကေအိုင်အေက စာပို့ထားတာရှိကြောင်း၊ အဆိုပါ လူတွေကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၆ ရက်နေ့အတွင်း ပို့ပေးရမယ်လို့ ပြောထားကြောင်း၊ ဒါပေမယ့် ရွာသူကြီးတွေက နှစ်ကူးပွဲတော်ရှိနေလို့ ဆိုင်းငံ့ပေးဖို့ ကေအိုင်အေအရာရှိတွေကို တောင်းပန်ထားရာက ပွဲမပြီးခင် ခုလို အဖမ်းခံကြရတာလို့ ဦးစိုင်းမြတ်အောင်က ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားရှိ ကေအိုင်အို၊ ကေအိုင်အေ ဆက်ဆံရေးရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဒေါင်းခါးက အခုလို ဖြေကြားပါတယ်။ “တိုက်ပွဲဖြစ်တဲ့နေရာမှာ စစ်သားမစုဆောင်းဘူးဆိုတာ ဒါက အဓိပ္ပာယ်မရှိဘူးလေ။ ပေါ်လစီရယ်လို့ မဟုတ်ပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာ အားလုံး စုဆောင်းနေတာပဲ။  အစိုးရကိုယ်တိုင်လည်း စုဆောင်းတယ်၊ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စုဆောင်းတယ်။ ဒါပေမယ့် အဲဒီမူဆယ်ဘက်က ကိစ္စ ကျနော်မသိဘူး။” ဦးစိုင်းမြတ်အောင်ကတော့ အခုလို ရွာသားတွေ အဖမ်းခံရတဲ့ကိစ္စဟာ မြို့နယ်တွင်း အေးအတူပူအမျှ အတူတူနေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်းထဲမှာရော ရှမ်းပြည်နယ်ထဲရှိ တိုင်းရင်းသားအချင်းချင်းတွေ ကြားမှာပါ အထင်မြင်လွဲမှားမှု၊  ချစ်ကြည်ရင်းနှီးမှုတွေ ပျက်ပြားစေတဲ့အတွက် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ အနေနဲ့ ဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောပါတယ်။ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုထဲမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေက ဟိုပန်၊ မိုင်းဝီး၊ မိုင်းခတ် စတဲ့ ကျေးရွာအုပ်စုထဲက ရွာသားပေါင်း ၂၀ ဦးကို တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့က ဖမ်းခေါ်သွားတာ ခုထိ သေသည်ရှင်သည် မသိရတဲ့အတွက် နိုင်ငံတော်သမ္မတဆီကိုရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့စွဲနဲ့ စာပို့ထားတယ်လို့ မိုင်းဝီးရွာသားတဦးက ပြောပါတယ်။ တီအန်အယ်လ်အေဘက်ကတော့ သူတို့ဖမ်းထားတဲ့ မန်တုံရွာသား ၈ ဦးကို ဒီဇင်ဘာ ၂၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေတပ်ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး ရွာသားတွေပါ ဖမ်းဆီးခံခဲ့ရသလို ဟိုပန်ကျေးရွာထဲကို လက်နက်ကြီးကျတဲ့အတွက် ရွာသားပေါင်း ၃၀၀ ကျော် မိုင်းဝီးကျေးရွာ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတိုက်မှာ လာရောက်ခိုလှုံနေရကြောင်း၊ ရွာအနီးမှာ ပစ်ခတ်မှု မကြာမကြာ ဖြစ်ပွားနေဆဲမို့ ဒီနေ့ထိ အိမ်မပြန်နိုင်သေးဘဲ အလှူရှင်များရဲ့ ထောက်ပံ့မှုနဲ့ စားသောက်နေထိုင်နေရတယ်လို့ မိုင်းဝီးဒေသခံတဦးက ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024