A d v e r t i s e m e n t With Us

၂၀၁၅ မှာ ဒုက္ခသည် ၁ သန်းကျော် ပင်လယ်ဖြတ်ပြီး ဥရောပသို့ ထွက်ပြေး

၂၀၁၅ ခုနှစ်အတွင်း ဒုက္ခသည်နဲ့ ရွေးပြောင်းနေထိုင်သူ တသန်းကျော် ပင်လယ်ပြင်ကိုဖြတ်သန်းပြီး ဥရောပတိုက်ကို ထွက်ပြေးကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာရ်) က မနေ့က ထုတ်ပြန်ပါတယ်။ ယူအန်အိပ်ခ်ျစီအာရ်နဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သူတို့တတွေဟာ အဓိကအားဖြင့် ဂရိနဲ့ အီတလီနိုင်ငံတွေကို ဖြတ်သန်းခဲ့ကြပြီး ၁၀၀၀၅၇၃ ဦးဟာ ဥရောပကို ရောက်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီဦးရေစုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းဟာ ဒုက္ခသည်တွေအများအပြား ပေါ်ထွက်စေတဲ့နိုင်ငံ ၁၀ နိုင်ငံဆီကလို့ဆိုပါတယ်။ သူတို့တတွေထဲက တ၀က်ဟာ စစ်ဖြစ်နေတဲ့ ဆီးရီုးယားနိုင်ငံကဖြစ်ပြီး အာဖဂန်နစ်စတန်က ၂၀ ရာခိုင်နှုန်း၊ အီရတ်က ၇ ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။ များပြားလှတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လူမှောင်ခိုတွေရဲ့ ဘေးအန္တရယ် မလုံခြုံတဲ့ယာဉ်တွေနဲ့ သယ်ဆောင်ခဲ့ကြတာကြောင့် လူပေါင်း ၃၇၃၅ ယောက် ပျောက်ဆုံးခဲ့ပြီး ရေနစ်မြုပ်ခဲ့ပြီလို့ ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ယူအန်အိပ်ခ်ျစီအာရ် ဥရောပဗျူရိုညွန်ကြားရေးမှူး Vincent Cochetel က “စစ်ဘေးနဲ့ ညှဉ်းပန်းနှိပ်စက်မှဘေးကနေ ထွက်ပြေးလာကြတဲ့ လူတသန်းကျော်ဟာ  သူတို့မိသားစုတွေ အတွက် ပိုမိုကောင်းမွန်တဲ့ဘ၀အတွက်ဥရောပကမ်းခြေတွေကို ဆိုက်ရောက်လာတယ်။”လို့ ပြောပါတယ်။ ပင်လယ်ပြင်ခရီးကနေသာမကသေးဘဲ    လူ ၃ သောင်း ၄ ထောင်လောက်ဟာလည်း ကုန်းလမ်းကြောင်းကနေ တူရကီ၊ ဘူလ်ဂေးရီးယား၊ ဂရိနိုင်ငံတွေကို ဖြတ်သန်း ၀င်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ပွဲနှင့်ပဋိပက္ခတွေကြောင့် ဗဟိုဥရောပနဲ့အနောက်ပိုင်းကို ထွက်ပြေးလာတဲ့ အိုးမဲ့အိမ်မဲ့ တွေရဲ့ အရေအတွက်ဟာ  ၁၉၉၀ ခုနှစ် ဘော်လကန်အကျပ်အတည်းတွေ အပြီးမှာ အများဆုံးဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up