A d v e r t i s e m e n t With Us

ပြန်ပေးမှုဖြင့် တရားစွဲခံရသည့် ရဲအရာရှိ ၅ ဦးကို ထိုင်းတရားရုံးချုပ် တရားသေလွှတ်

ပြန်ပေးဆွဲခံရသည့် ရှေ့နေ၏ ဇနီးနှင့်သမီး
လူ့အခွင့်အရေးရှေ့နေ ဆွန်ချိုင်း နီးလာပိုင်ဂျစ်ကို ပြန်ပေးဆွဲမှု၊ လုယက်မှုတွေနဲ့ တရားစွဲခံရတဲ့ ရဲအရာရှိ ၅ ဦးကို ထိုင်းတရားရုံးချုပ်က တရားသေလွှတ်ပေးလိုက်ပြီး ဆယ်နှစ်ကြာ တရားစီရင်မှုကို အဆုံးသတ်လိုက်ပါတယ်။ ၂၀၀၄ မတ်လ ၁၂ ရက်နေ့က ရဲအရာရှိ ၅ ဦးက ထင်ရှားတဲ့ မွတ်စလင် လူ့အခွင့်အရေး ရှေ့နေ ဆွန်ချိုင်းကို လူစည်ကားတဲ့ ဘန်ကောက်မြို့ လမ်းပေါ်မှာ အနက်ရောင် ဆီဒင်ကားပေါ် အတင်း တွန်းတင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူ့ကို ဘယ်တော့မှ ပြန်မမြင်ရတော့သလို ဘယ်သူမှ သူ့ကို ထပ်မတွေ့တော့ပါဘူး။ အဲဒီအချိန်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အာဏာရနေပါတယ်။ ပျောက်ဆုံးရှေ့နေရဲ့ ဇနီးသည်ကတော့ တရားစီရင်ရေးစနစ်နဲ့ ရလဒ်ကြောင့် ဝမ်းနည်းရတယ်လို့ ပြောပါတယ်။ အမှုကို စစ်ဆေးသူတွေကိုလည်း အားနည်းတဲ့ သက်သေတွေကိုသာ ရုံးတင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ သက်သေတွေကို အာဏာပိုင်တွေက အကာအကွယ် မပေးခဲ့လို့ ကြောက်လန့်ပြီး ခုခံ လျှောက်လဲသူတွေအပေါ် ထောက်မပြရဲခဲ့ကြဘူးလို့ ဇနီးသည် အန်ခနာက ပြောပါတယ်။ ဒီအမှုမှာ စွပ်စွဲနိုင်လောက်အောင် ခိုင်မာတဲ့ သက်သေကို မတင်ပြခဲ့ဘူးလို့ တရားရုံးချုပ်က ပြောတဲ့အကြောင်း တီပီဘီအက်စ် ရုပ်သံဌာနက ဆိုပါတယ်။ "ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိခံရတဲ့ အရာရှိတွေရဲ့ ဒီအန်အေသက်သေလည်း မရှိဘူး၊ အတည်မပြုနိုင်တဲ့ တယ်လီဖုန်းမှတ်တမ်းရဲ့ မိတ္တူကိုသာ သက်သေအဖြစ် တင်သွင်းခဲ့တယ်" လို့ ထိုင်းမီဒီယာက အစီရင်ခံပါတယ်။ အယူခံတရားရုံးက အရာရှိ ၅ ဦးလုံးကို အပြစ်မရှိဘူးလို့ ၂၀၁၁ ခုနှစ်က စီရင် ဆုံးဖြတ်ခဲ့ပါသေးတယ်။ ၂၀၀၄ ဇန်နဝါရီမှာ ထိုင်းတောင်ပိုင်းက စစ်သွေးကြွတွေက အစိုးရလက်နက်တိုက်ကို လုယက်မှုအပြီး အဖမ်းခံရတဲ့ မွတ်စလင် ၅ ဦးကို ပျောက်ဆုံးရှေ့နေက ခုခံလျှောက်လဲ ပေးခဲ့ဖူးပါတယ်။ ဒါဟာ ရှေ့နေပျောက်ဆုံးပြီး အသတ်ခံရပြီလို့ ယူဆမှုနဲ့ ပတ်သက်နေလိမ့်မယ်လို့ တက်ကြွလှုပ်ရှားသူတွေက ယူဆကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up