တူရကီနိုင်ငံရဲ့ အရှေ့တောင်ပိုင်းက မငြိမ်သက်တဲ့ ဂျီဇရေမြို့မှာ အစိုးရတပ်တွေနဲ့ ကာဒစ်ရှ် စစ်သွေးကြွတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညက တွေ့ရပါတယ်။
ဇူလိုင်လက အစိုးရနဲ့ ကာဒစ်ရှ် စစ်သွေးကြွတွေကြား အပစ်အခတ် ရပ်စဲရေး ကျိုးပေါက်ပြီးတည်းက မြို့တွင်းတိုက်ပွဲတွေ ဖြစ်နေတာပါ။
ကာဒစ်ရှ်တွေက ကိုယ်ပိုင်အစိုးရကို လိုချင်နေတာပါ။
ကျန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်အတွင်း ကာဒစ်ရှ် စစ်သွေးကြွ အယောက် ၂၀၀ ကျော် သေတယ်လို့ စစ်တပ်က ဒီဇင်ဘာ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့က ကာဒစ်ရှ် စစ်သွေးကြွ ပီကေကေအုပ်စုက ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးတယ်လို့ စစ်တပ်က ပြောပါတယ်။
တူရကီသမ္မတ တေယစ်အာဒိုဂံကတော့ ရှင်းလင်းတဲ့ ကျူးကျော်ရန်စမှုကို ဖယ်ရှားဖို့ ဒီဇင်ဘာ ၂၉ ရက်နေ့က တောင်းဆိုပါတယ်။
ဒါ့အပြင် ကာဒစ်ရှ်လိုလားတဲ့ ပြည်သူ့ဒီမိုကရေစီပါတီ (အိတ်ခ်ျဒီပီ) ကို ပြည်သူတွေက သင်ခန်းစာ ပေးလိမ့်မယ်လို့လည်း ပြောပါတယ်။
အိတ်ခ်ျဒီပီပါတီခေါင်းဆောင် ဒေမီယာတပ်စ်ကတော့ အရပ်သားတွေ တိုက်ပွဲအတွင်း သေနေတယ်လို့ပြောပြီး အစိုးရကတော့ ဒီစကားကို ငြင်းပါတယ်။
ဒေမီယာတပ်စ်က ကာဒစ်ရှ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုအပြီး သူ့ကို စုံစမ်းစစ်ဆေးဖို့ တူရကီ ဆွဲချရှေ့နေက အမှုဖွင့်ခဲ့တယ်လို့ ဒိုဂံသတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အစီရင်ခံပါတယ်။
နိုင်ငံအစွန်အဖျားမှာ အစဉ်အလာ အမြစ်တွယ်နေပေမယ့် ပီကေကေအုပ်စုဟာ လတ်တလောနှစ်တွေမှာ နိုင်ငံအရှေ့တောင်ပိုင်းက မြို့တွေဆီကို အာရုံစိုက်ခဲ့ပါတယ်။
လုံခြုံရေးတပ်တွေ အနားမကပ်နိုင်အောင် အရံအတားတွေ တပ်ဆင်တာ၊ ကတုတ်ကျင်း တူးတာတွေ လုပ်ခဲ့ပါတယ်။