ကင်မ်ဂျုံအန်း၏ ထိပ်တန်းလက်ထောက် ကားမတော်မတဆမှုကြောင့် သေဆုံး

ကင်မ်ယောင်ဂွန်း။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
1.3K
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ထိပ်တန်းလက်ထောက်နဲ့ လက်ရှိအာဏာရပါတီရဲ့ အကြီးတန်းအရာရှိ ကင်မ်ယောင်ဂွန်းဟာ ကားမတော်တဆမှု အတွင်း သေဆုံးခဲ့တယ်လို့ အစိုးရမီဒီယာ ကေစီအန်အေက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။
ကင်မ်ယောင်ဂွန်းဟာ အလုပ်သမားပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကိုင်တွယ်ရတဲ့ ပါတီရဲ့ ညီညွတ်သောတပ်ဦး အကြီးအကဲလည်း ဖြစ်ပါတယ်။
သူဟာ ကင်မ်ဂျုံအန်းရဲ့ အနီးဆုံး လုပ်ဖော်ကိုင်ဘက်နဲ့ အမာခံ တော်လှန်ရေး မိတ်ဘက်လို့ ကေစီအန်အေရုပ်သံက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကို စီမံခန့်ခွဲရတဲ့ ထိပ်တန်းအရာရှိအနေနဲ့ သြဂုတ်လက ၂ နိုင်ငံ အပြန်အလှန် အမြောက်နဲ့ ပစ်ခတ်မှုအပြီး တင်းမာမှုတွေ ပြေလျော့အောင် ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
အသက် ၇၃ နှစ်အရွယ် ကင်မ်ယောင်ဂွန်းဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကားမတော်တဆမှုကြောင့် သေဆုံးတယ်လို့ ကေစီအန်အေက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။
သူသေဆုံးမှုအတွက် တောင်ကိုရီးယားက ဝမ်းနည်းကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ လမ်းကွန်ရက်တွေက ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး ကားပိုင်ဆိုင်မှုကလည်း ရှားပါးလို့ အဆင့်မြင့်အရာရှိ အတော်များများ ယာဉ်မတော်တဆမှုအတွင်း သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
၁၉၇၆ ခုနှစ်က သမ္မတ ကင်မ်အီဆွန်းဟာ ကားတိုက်မှုကြောင့် သေဆုံးတယ်လို့ အရာရှိတဦးက ပြောပါတယ်။
၂၀၀၃ ခုနှစ်မှာ ကင်မ်ယောင်ဂွန်းရဲ့ အရင်ရာထူးဆက်ခံသူဟာ ယာဉ်မတော်တဆမှုအတွင်း သေဆုံးပြီး ၂၀၁၀ မှာလည်း ထိပ်တန်းအရာရှိ ရိဂျေးဂန်းဟာ ကားတိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။