မန်ယူနည်းပြအဖြစ်မှ နုတ်ထွက်မည်မဟုတ်ဟု ဗန်ဂါးလ် ပြော

ဓာတ်ပုံ - ရိုက်တာ
1.7K
မန်ချက်စတာယူနိုက်တက်နည်းပြ အဖြစ်ကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ လူးဝစ်ဗန်ဂါးလ်က ပြောဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် ချဲလ်ဆီးနဲ့ သရေကျအပြီး ပြောဆိုလိုက်တာပါ။
မန်ယူအသင်းဟာ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် နည်းပြဗန်ဂါးလ်ကို ထုတ်ပယ်ဖို့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တာပါ။
ဒါပေမယ့် မန်ယူဘုတ်အဖွဲ့က သူ့အပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေသေးကြောင်း ဗန်ဂါးလ်က ပြောပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံး ၇ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး ဗန်ဂါးလ်ကလည်း သူ့နည်းပြ သက်တမ်းတလျှောက် အခက်ခဲဆုံးကာလလို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာလည်း မန်ယူအသင်းဟာ အိမ်ကွင်းမှာ အခွင့်အရေးတွေ ပိုရခဲ့ပြီး အသာစီးကနေ ကစားနိုင်ပေမယ့် သရေကျသွားခဲ့တာပါ။
မန်ယူအသင်း နောက်ပိုင်း ရလဒ်မကောင်းခဲ့တာဟာ ဗန်ဂါးလ်ရဲ့ နည်းစနစ်တွေကို ကစားသမားတွေက မကြိုက်တာကြောင့် နည်းပြကို ပုန်ကန်နေတယ်လို့ ကောလာဟလတွေလည်း ထွက်ခဲ့ပါတယ်။
ဒါပေမယ့် ကစားသမားတွေဟာ သူ့အတွက် ကြိုးစားကစားပေးကြပြီး သူဟာ ယူနိုက်တက်နည်းပြအဖြစ်ကနေ မနုတ်ထွက်သင့်ဘူးလို့ ဗန်ဂါးလ်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းရလဒ်တွေ ဆက်တိုက်ကျဆင်းနေတာကြောင့် နည်းပြဗန်ဂါးလ်ကို မန်ယူပရိသတ်အများစုက ထုတ်ပစ်ဖို့ ဆန္ဒရှိနေကြပါတယ်။