ရှေးဟောင်းရှမ်းစာပေပုရပိုက်ထဲမှ ကျောက်မျက်ရတနာတူးဆွရှာဖွေ





2.2K
ရှေးဟောင်းရှမ်းစာပေပုရပိုက်တွေထဲကနေ ကျောက်မျက်ရတနာလို တန်ဘိုးရှိတဲ့အမွေ အနှစ်တွေ တူးဆွရှာဖွေနိုင်တယ်လို့ ရှမ်းပုရပိုက်ညီလာခံက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ကန်မိန်းပရိယတ္တိစာသင်တိုက်မှာ လက်ရှိကျင်းပနေတဲ့ တတိယအကြိမ်မြောက် ရှမ်းပုရပိုက်ညီလာခံမှာ ပညာရှင်တွေက ပြောကြားခဲ့ပါတာပါ။
ရှေးဟောင်းရှမ်းစာပေပုရပိုက်တွေကို ပြန်လည်တူးဆွလှန်လှောလေ့လာခြင်းအားဖြင့် အရည် အသွေးရှိကျောက်မျက် ၄ မျိုးနဲ့တူတဲ့ ရှမ်းလူမျိုးဆိုင်ရာအမွေအနှစ်တွေ သိလာတယ်လို့ ရှမ်းစာဟောဆရာ စိုင်းကော်မိုင်းက ညီလာခံမိတ်ဆက်အမှာစကားမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
“ကျနော်တို့ရှေးဟောင်းပုရပိုက်တွေ ပြန်ပြီးလှန်လှောလေ့လာတဲ့အခါမှာ အရည်အသွေး ရှိတဲ့ ကျောက်မျက်ရတနာ ၄ မျိုးလို အမွေအနှစ်တွေတွေ့ရတယ်။ ၁ အချက်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာကျော်က ရှမ်းပြည်ရဲ့ရေမြေဒေသ သဘာဝအခြေအနေတွေ၊ မြို့ရွာ စီရင်အုပ်ချုပ်မှုတွေကို ပြန်လေ့လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပုရပိုက်တွေထဲမှာ ပုရပိုက်အလှူရှင်ရဲ့အမည်နဲ့ ရေးသားတဲ့အချိန် နေရာကာလဒေသတွေကိုပါ မှတ်တမ်းမှတ်ရာ နဲ့ ရေးဖွဲ့ထားတယ်။ နံပတ် ၂ အချက်က ရှမ်းတို့ရဲ့ မူလလက်ဟောင်း ဝေါဟာရ အသုံးအနှုန်းတွေ ပြန်တွေ့ရတယ်။ ရှမ်းတွေရဲ့ ဝေါဟာရကြွယ်ဝတာကို တွေ့ရတယ်။ ဥပမာ သစ်တပင်ကို ဓားနဲ့ခုတ်တဲ့အခါမှာ ဓားသွားဝင်တဲ့ အတိမ်အနက်ပေါ်မူတည်ပြီး ခုတ်တာ/ ထစ်တာ/ လှီးတာ/ စင်းတာ/ ချိုင်တာ/ ဖြတ်တာ စသဖြင့် စကားလုံးက ၃၈ လုံးတောင်ရှိတယ်လို့ ရှမ်းစာပညာရှင် လုံးတန်းကဲက ပြောထားပါတယ်။ နံပတ် ၃ က လင်္ကာပါ။ ရှေးဟောင်းပုရပိုက်စာမှာ ရိုးရိုးစကားပြေလိုမရေးဘဲ လင်္ကာတွေစပ်ပြီး သီကုံး ရေးဖွဲ့တယ်၊ အဲဒီမှာကာရန်တွေပါတယ်။ လေးလုံးစပ်၊ ရှစ်လုံးစပ်၊ တေးထပ်၊ တေးသွားပုံတွေ ပါတွေ့ရတယ်။ နံပါတ် ၄ အချက်က ယဉ်ကျေးမှုပါ၊ ပုရပိုက်ထဲမှာ ရှမ်းခေတ်အဆက်ဆက် ထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေ တွေ့ရပါတယ်။ ယဉ်ကျေးမှုဟာ ကျနော်တို့ ရှမ်းလူမျိုးရဲ့ အသိုင်းအ၀ိုင်း ကို ၀န်းရံထားပါတယ်၊ ယဉ်ကျေးမှုဟာ လူမျိုးဂုဏ်ကို မြှင့်တင်ပေးပါတယ်။”
ရှမ်းရှေးဟောင်းပုရပိုက်မှာ အခုလိုတန်ဘိုးရှိ အမွေအနှစ်တွေရှိနေပေမယ့် ဖတ်ရှုရတာ ခက်ခဲ တဲ့အတွက် ကနေ့ခေတ်လူငယ်တွေကြား လေ့လာမှုအားနည်းနေပြီး ရှေ့ဆက် ထိန်းသိမ်းဖို့ ကြိုးစားကြဖို့လည်း စာဟောဆရာ စိုင်းကော်မိုင်းက တိုက်တွန်းပါတယ်။
နိုင်ငံတော်သံဃာ့နာယကအဖွဲ့ တွဲဘက်အတွင်းရေးမှူးနဲ့ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ သမဂ္ဂဥက္ကဌ ဒေါက်တာ ပညာနန္ဒကလည်း ရှမ်းပရပိုက်တွေမှာ ဗုဒ္ဓ၀င်နဲ့ တရား ဒေသနာတော်တွေပါ ပါရှိကြောင်း၊ ရှမ်းပြည်နယ် ရှိဘုန်းကြီးကျောင်းတိုင်းလိုလိုမှာ ပရပိုဒ်တွေထားရှိတဲ့အတွက် သံဃာတွေမအားလပ်တဲ့အခါမှာ စာဟောဆရာကနေတဆင့် ဗုဒ္ဓရဲ့ အဆုံး အမတွေကို နာကြားမှတ်ယူနိုင်ကြောင်း ညီလာခံမှာ မိန့်ကြားပါတယ်။
ရှမ်းပုရပိုက်ညီလာခံ ဖြစ်မြောက်ရေးဗဟိုက်ေမတီဝင် အင်္ဂလန်နိုင်ငံအော့စ်ဖို့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာခမ်းမိုင်ဓမ္မသာမိကတော့ အခုချိန်ခါမှာ ရှမ်းပရပိုက်တွေဟာ အင်္ဂလန်နဲ့ အမေရိကန် စတဲ့ အနောက်နိုင်ငံတွေကို ရောက်ရှိနေပြီး နိုင်ငံခြားမှပညာရှင်တွေလည်း စိတ်ဝင်တစား လေ့လာတာ တွေ့ရှိရကြောင်း၊ ဒီနှစ်ညီလာခံမှာ ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ လောနိုင်ငံက ပညာရှင်တွေပါ လာရောက်လေ့လာဆွေးနွေးတဲ့အတွက် နောင်နှစ်တွေမှာ အပြည်ပြည် ဆိုင်ရာညီလာခံအဆင့်ထိ တိုးမြှင့်ကျင်းပနိုင်ဖို့ ရည်မှန်းကြောင်း ညီလာခံ အဖွင့်မိန့်ခွန်းမှာ မိန့်ကြားပါတယ်။
ညီလာခံကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ အရှင်ဝိစိတ္တ္တဘိပါလ (မဟာဝိဇ္ဇာတန်း) ကလည်း ရှမ်းပုရပိုက်ကို ရှမ်းစာဟောဆရာတွေက ကျေးလက်တောရွာ ပွဲ လမ်းသဘင်တွေမှာ ဖတ်ကြားရုံတင် မကဘဲ အနယ်နယ်အရပ်ရပ်က စာဟောဆရာတွေ လာရောက်စုစည်းပြီး ကိုယ်တွေ့ရှိခဲ့တဲ့ ပရပိုဒ်ထဲက အကြောင်းအရာအနှစ်သာရတွေ လာရောက်ဖလှယ်နိုင်ဖို့၊ ဒေသတွင်းအဆင့်ကနေ တပြည်လုံးအဆင့်၊ အဲဒီကနေ နိုင်ငံတကာအဆင့်ထိ အသိပညာဖလှယ်သွားနိုင်ဖို့ ညီလာခံကို ကျင်းပရတာလို့ မိန့်ကြား သွားပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ ကျင်းပတဲ့ ဒီညီလာခံမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေဖြစ်ကြတဲ့ သံဃာတော် ၁၃ ပါး နဲ့ စာဟောဆရာ ၅၀ ဦးတို့က ၄င်းတို့လေ့ လာတွေ့ရှိထားတဲ့ ပုရပိုက်ပါ ဝေါဟာရများ၊ လင်္ကာများအကြောင်း လာရောက်ဆွေးနွေး ဖလှယ်ပြီး ရှမ်းပုရပိုက်များသိမ်းဆည်းနည်း၊ ကက်တလောက်လုပ်နည်းတွေပါ လေ့လာ သင်ယူခဲ့ကြပါတယ်။
ရှမ်းပုရပိုက်ညီလာခံကို ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းသံဃာတော်များအဖွဲ့မှ ၂၀၁၃ ခုနှစ်ကစပြီး နှစ်စဉ် ကမကထပြုကျင်းပလာခဲ့ရာမှာ ပထမဆုံးအကြိမ်ညီလာခံကို ရန်ကုန်မြို့ မှာ၊ ဒုတိယအကြိမ်ညီလာခံကို ရှမ်းပြည်နယ် လဲချားမြို့မှာ ကျင်းပခဲ့ပြီး လာမယ့် စတုတ္ထ အကြိမ်ညီလာခံကိုတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာကျင်းပဖို့ ရည်ရွယ်ထားပါတယ်။
ဒီနှစ်ညီလာခံမှာ ပညာရှင်တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည်နဲ့ လေ့လာသူတွေရော ဝေယျာဝစ္စလုပ်ငန်းအဖွဲ့တွေပါ လူပေါင်း ၁၇၀၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီက ပြောပါတယ်။
ဓာတ်ပုံ - စိုင်းအားသစ်