A d v e r t i s e m e n t With Us

အမေရိကန်တွင် မုန်တိုင်းကြောင့် လူ ၄၃ ဦးသေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံတောင်ပိုင်း အနောက်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ ခရစ္စမတ် အားလပ်ရက်အတွင်း မုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ ရုတ်တရက် ရေလွှမ်းမိုးမှုနဲ့ လေဆင်နှာမောင်းတွေကြောင့် အနည်းဆုံး လူ ၄၃ ယောက် သေဆုံးခဲ့ပါတယ်။ အဆောက်အဦတွေ ပြားပြားဝပ် ပျက်စီးပြီး သန်းနဲ့ချီတဲ့လူတွေ သယ်ယူပို့ဆောင်ရေး ရှုပ်ထွေးပိတ်ဆို့မှုကို ခံစားခဲ့ရပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုကြောင့် မစ်ဆူရီနဲ့ နယူးမက်ဆီကို ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးတွေက သူတို့ပြည်နယ်တွေအတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ကြပါတယ်။ မစ်ဆူရီနဲ့ အီလွီနွိုက်ပြည်နယ်တွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် လူ ၁၃ ယောက် သေဆုံးပါတယ်။ တပ်ဆပ်ပြည်နယ် ဒါးလတ်စ်မြို့မှာ ၁ နာရီ လေတိုက်နှုန်း မိုင် ၂၀၀ ကျော်တဲ့ လေဆင်နှာမောင်း အပါအဝင် လေဆင်နှာမောင်းတွေကြောင့် လူအနည်းဆုံး ၁၁ ယောက် သေဆုံးပါတယ်။ ဂါလန်းမြို့မှာတော့ လူ ၈ ယောက် သေဆုံးပြီး အဝေးပြေးလမ်းတွေပေါ်က ကားတွေ လွင့်ထွက်ခဲ့ပါတယ်။ အားကြီးတဲ့ လေဆင်နှာမောင်းတွေဟာ အမေရိကန် အလယ်ပိုင်း ပြည်နယ်တွေကို နွေဦးနဲ့ နွေရာသီမှာ တိုက်ခတ်လေ့ ရှိပေမယ့် အခုလို ဆောင်းရာသီမှာတော့ အဖြစ်နည်းတယ်လို့ အမေရိကန် မိုးလေဝသ သတင်းအချက်အလက်တွေက ဆိုပါတယ်။ အာကင်းဆတ်ပြည်နယ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က လေဆင်နှာ မောင်းတွေ တိုက်ခဲ့ပေမယ့် သေဆုံးဒဏ်ရာရမှု အစီရင်ခံတာ မရှိပါဘူး။ တက်ဆပ် လူဝီစီယားနား အိုကလာဟိုးမားနဲ့ မစ္စစ္စပီ ပြည်နယ်တွေမှာ လေဆင်နှာမောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမျိုးသားမိုးလေဝသဝန်ဆောင်မှုဌာနက နယူးမက်ဆီကို တပ်ဆပ်စ် အိုကလာဟိုးမား ပြည်နယ်တွေမှာ နှင်းမုန်တိုင်းသတိပေးချက်နဲ့ တက်ဆပ်ကနေ အင်ဒီယားနား ပြည်နယ်အထိ ကို ရုတ်တရက်ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါသေးတယ်။ ဆိုးရွားတဲ့ မိုးလေဝသကြောင့် နိုင်ငံတလွှား ဒီဇင်ဘာ ၂၇ ရက်နေ့က လေကြောင်းခရီးစဉ် ၁၅၀၀ နီးပါး ဖျက်သိမ်းခဲ့ရတယ်လို့ လေကြောင်း ရီးစဉ် ခြေရာခံလိုက်တဲ့ FlightAware.com အင်တာနက် စာမျက်နှာက ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up