Home
ဆောင်းပါး
၂၀၁၆ ကမ်းခြေကို ချဉ်းကပ်လာနေပြီဖြစ်တဲ့ ရွှေ့ပြောင်းဒုက္ခသည် လှိုင်းလုံးကြီးများ
DVB
·
December 29, 2015
၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်းက ပြည်သူတွေ စိတ်ဝင်တစားရှိခဲ့ကြတဲ့ တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်ဆိုင်မှုကို အဓိက တောင်းဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ တခြား တောင်းဆိုနေတဲ့နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံအကြား တင်းမာလာတဲ့ အခြေအနေ၊ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်အတွင်း အိုင်အက်စ်နှိမ်နင်းရေး ခေါင်းစဉ်တပ်ပြီး ၀င်ရောက်လာတဲ့ ရုရှား၊ ဥရောပသမဂ္ဂနိုင်ငံတွေကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားလာကြတဲ့ နိုင်ငံအနှံ့အပြား ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည်တွေကိစ္စနဲ့ နောက်ဆုံး ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဆိုင်ရာ ပါရီ နိုင်ငံတကာညီလာခံကြီး စတင်တဲ့ အချိန်မှာပဲ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ မီးခိုးမြူတွေ အန္တရာယ်ရှိတဲ့အဆင့်အထိ ကျရောက်လာလို့ ပထမ လိမ္မော်ရောင်၊ နောက် အနီရောင် အမြင့်ဆုံး အဆင့်အထိ သတိပေးချက် ထုတ်ပြန်ခဲ့ရသလို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ မြို့တော်မှာလည်း မီးခိုးမြူတွေ အသက်ရှူမွန်းကျပ်တဲ့အဆင့်ထိ ဖုံးအုပ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ၁၃ ရက်ကြာ ကျင်းပခဲ့တဲ့ ပြင်သစ်နိုင်ငံ ပါရီ ရာသီဥတု အပြောင်းဆိုင်ရာ ညီလာခံကြီး၊ ညီလာခံမကျင်းပခင် ရက်ပိုင်းအလိုမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အသေခံဗုံးခွဲတိုက်ခိုက်မှု၊ ဓားစာခံအဖြစ် ဖမ်းဆီးမှုတွေ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို စာဖတ်သူတွေ သိပြီးဖြစ်ကြမှာပါ။ အဲဒီ ဖြစ်ရပ်တွေထဲက ခုချိန်မှာသာ မဟုတ်ဘဲ ရှေ့လာမယ့် ၂၀၁၆ခုနှစ် နဲ့အနာဂတ် ကာလ အထိမှာပါ နိုင်ငံတကာမှာ အရေးတကြီးစဉ်းစားလာရမယ့် ကိစ္စဖြစ်တဲ့ အလုံးအရင်းနဲ့ အင်အားကြီးမားလာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်အရေးဟာ အရေးကြီးကိစ္စတရပ် ဖြစ်လာနေပါပြီ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ကြီး  (အိုင်အိုအမ်) ရဲ့ ပြောဆိုချက်အရ ၂၀၁၅ ခုနှစ်အတွင်းမှာ ဥရောပသမဂ္ဂနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်လာကြတဲ့ ဒုက္ခသည်ပေါင်းဟာ ၁ သန်းကျော် ရှိခဲ့ပြီး သူတို့လာခဲ့တဲ့ အန္တရာယ်ကြီးမားလှတဲ့ ခရီးလမ်းကြောင်းမှာတင် ၃၇၀၀ နီးပါး သေဆုံး၊ ပျောက်ဆုံးခဲ့ရပါတယ်။ အဲဒီအချိန်မှာ လူမှောင်ခိုသမားတွေကတော့ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အိုအမ်အဖွဲ့ ဦးစီးခေါင်းဆောင် ၀ီလျံ လာဆီ ဆွင်းဂ်က “ဒါဟာ ၂၀၁၄ ခုနှစ်မှာ ကျနော်တို့မှာ ရှိခဲ့တဲ့ မြောက်ပိုင်းကို ထွက်ပြေးရွှေ့ပြောင်းလာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည် အရေအတွက်ထက် ၃ ဆကနေ ၄ ဆအထိ ရှိလာတာဖြစ်သလို အသေအပျောက်ကလည်း မနှစ်ကထက် အများကြီး များလာခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ရွှေ့ပြောင်းလာကြသူတွေ အားလုံးလောက်ဟာ မြေထဲပင်လယ် ဒါမှမဟုတ် အေဂျင်ပင်လယ်ကို ဖြတ်သန်းပြီး ရောက်လာခဲ့ကြတာဖြစ်ပြီး ၅၀ ရာခိုင်နှုန်းလောက်က ဆီးရီးယားပြည်တွင်းစစ်ကို ရှောင်ရှား ထွက်ပြေးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းလောက်ကတော့ အာဖဂန်နစ္စတန်တွေဖြစ်ပြီး ၇ ရာခိုင်နှုန်းလောက်ကတော့ အီရတ်လူမျိုးတွေ ဖြစ်တယ်လို့ အိုင်အိုအမ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီတို့ရဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်တခုမှာ ဖော်ပြခဲ့ပါတယ်။ ခရီးစဉ်အများစုမှာ လူကုန်ကူးသူတွေနဲ့ ပတ်သက်မှုရှိနိုင်ပြီး လူမှောင်ခိုသမားတွေအတွက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀၀ လောက် အကျိုးအမြတ် ရှိခဲ့တယ်လို့ ဆွင်းဂ်က ပြောပြခဲ့ပြီး “မိသားစုအရေအတွက်နဲ့ လူမှောင်ခိုဂိုဏ်းပေါ်မှာ မူတည်ပြီး ဒေါ်လာ ၂၀၀၀ ကနေ ၆၀၀၀ အထိ ပေးကြရပါတယ်။” လို့လည်း သူက ဆိုပါတယ်။ အိုင်အိုအမ်ကတော့ ဥရောပက လူမှောင်ခိုတွေဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းက ဒေါ်လာ ၁၀ ဘီလျံကျော်ကျော် ဒါမှမဟုတ် ဒီထက်ပိုပြီး များပြားတဲ့ ငွေကြေးတွေ ရခဲ့ကြတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဆွင်းဂ်က “သူတို့တွေဟာ သူတို့ပေးခဲ့တဲ့ ၀န်ဆောင်မှုတွေအတွက် အခကြေးငွေ ကောင်းကောင်းကြီး ရရှိခဲ့တာပေါ့ဗျာ။” လို့ ပြောခဲ့ပါတယ်။ အိုင်အိုအမ် ပြောရေးဆိုခွင့်ရှိသူ ဂျိုးလ် မီးလ်မင်းကလည်း ၂၀၁၆ ခုနှစ်မှာ လှိမ့်ဝင်လာကြမယ့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို ကြိုတင်ပြောဆိုဖို့ကတော့ မဖြစ်နိုင်သလောက် အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ဟန်ချက်ညီမှုပေါ်မှာ အများကြီး မူတည်ပါတယ်။ ဆီးရီးယား စစ်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ အခု အာရုံထား စောင့်ကြည့်နေရတဲ့ ဥရောပ နယ်စပ်ကာကွယ်ရေး ဆောင်ရွက်ချက်တွေ အရပေါ့ဗျာ” လို့ ပြောဆိုခဲ့ပါတယ်။ ဆွင်းဂ်က  အနောက်အာဖရိက က အီဘိုလာနဲ့ ဘိုကိုဟာရမ်၊ နီပေါနိုင်ငံကမြေငလျင်ကြီး၊ လစ်ဗျား၊ ယီမင်၊ တောင်ဆူဒန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အာဖဂန်နဲ့ အီရတ်နိုင်ငံက ပဋိပက္ခတွေ အပါအ၀င် အကြောင်းရင်းတွေ အများကြီးထဲမှာ ဆီးရီးယားစစ်ပွဲဟာ တခုတည်းသော အကြောင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး အင်တိုနီယို ဂုတာရက်စ်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဆီးရီးယားနဲ့ ဥရောပတလွှားက တခြားဒုက္ခသည်တွေအတွက် ကြီးမားတဲ့ ပြန်လည်အခြေချနေထိုင်မှု တခုကို ဥရောပတိုက်ရဲ့ ခိုလှုံခွင့်စနစ် ကျိုးပျက်မသွားခင် သိန်းနဲ့ချီတဲ့ လူတွေအတွက် ဝေမျှပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီ ဥရောပ ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း (အီးအမ်စီ) ဒါမှမဟုတ် ဥရောပ ဒုက္ခသည်အကျပ်အတည်း (အီးအာရ်စီ) ဟာ မြေထဲပင်လယ် ဒါမှမဟုတ် အရှေ့တောင် ဥရောပကို ဖြတ်သန်းပြီး ဥရောပသမဂ္ဂ နိုင်ငံတွေဆီကို စပြီး ရွှေ့ပြောင်းလာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် မြင့်မားလာတဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ အရှေ့အလယ်ပိုင်း (ဆီးရီးယား၊ အီရတ်)၊ အာဖရိက (အီရိထရီးယား၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယား၊ ဆူဒန်၊ ဂမ်ဘီယာ)၊ တောင်အာရှ (အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်) နဲ့ အနောက်ဘော်လကန် (ဆာဘီးယား၊ ကိုဆိုဗို၊ အယ်လ်ဘေးနီးယား) ဒေသတွေကနေ လာခဲ့ကြတာ ဖြစ်ပါတယ်။ ခု ဥရောပကို လှိမ့်ဝင်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အများစုဖြစ်ကြသလို သူတို့နေရင်းတိုင်းပြည်တွေက နိုင်ငံရေး အုပ်ချုပ်ရေးနဲ့ စီးပွားရေး စတဲ့ အခြေအနေတွေကြောင့် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်လိုသူတွေလည်း ပါဝင်ပါတယ်။ ဂျာမနီနိုင်ငံကတော့ သူ့နိုင်ငံထဲကို ပြောင်းရွှေ့ နေထိုင်လိုသူတွေကို တံခါးကျယ်ကျယ် ဖွင့်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂနဲ့ ဒီမိုကရေစီ နိုင်ငံကြီးတချို့က လက်ခုပ်ပေး ကြိုဆိုတာကို ခံခဲ့ရပေမယ့် ၀န်ကြီးချုပ် အင်ဂျလာ မာကဲလ်ကို ဝေဖန်ဆန့်ကျင်လာတဲ့ အတိုက်အခံတွေလည်း ရှိလာနေတာ တွေ့ရပါတယ်။ ပြင်သစ်နိုင်ငံကလည်း ပါရီဗုံးခွဲ အသေခံတိုက်ခိုက်မှု ဖြစ်အပြီးမှာ သူ့နိုင်ငံရဲ့ နယ်စပ်ဒေသကို လုံးဝ ပိတ်ပစ်လိုက်ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ကြိုးစားခဲ့သလို နယ်စပ်အ၀င်အထွက်ကိုလည်း တင်းကျပ်ထားလိုက်တာ တွေ့ရပါတယ်။ ဂရိနဲ့ မက်ဆီဒိုးနီးယား နယ်စပ်မှာလည်း တံတိုင်းကာပစ်လိုက်ရတဲ့ အခြေအနေ ဖြစ်သွားရအောင်ကို ဂရိနိုင်ငံထဲကို ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေက များပြားခဲ့ပါတယ်။ တဘက်မှာလည်း အိုင်အက်စ် အကြမ်းဖက်တိုက်ခိုက်မှုတွေ နိုင်ငံအတော်များများမှာ ဖြစ်ပွားနေတဲ့အတွက် အမေရိကန် သမ္မတလောင်းအဖြစ် ၀င်ရောက်အရွေးခံနိုင်ဖို့ မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်နယ်လ်ထရန့်ကတောင် သူ့ မဲဆွယ်စည်းရုံးမိန့်ခွန်းမှာ အမေရိကန်နိုင်ငံတွင်းကို အစ္စလာမ်ဘာသာဝင်တွေ ၀င်ရောက်မှုကို လုံးဝပိတ်ပင်ဖို့၊ ပြောပစ်ဖို့ ပြောလာတာ တွေ့ရပါတယ်။ အဲဒီလို အခြေအနေတွေဟာ ဒီကနေ့ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်လာနေတော့ မကြာခင်မှာ နိုင်ငံ နယ်နိမိတ်တွေအကြားမှာ တံတိုင်းကြီးတွေ၊ စည်းရိုးကြီးတွေများ ပေါ်လာလေမလားလို့ တွေးပြီး စိုးရိမ်ရမယ့် အနေအထား ဖြစ်လာပြီလို့ ပြောရင် မှားမယ် မဟုတ်ပါဘူး။ တကယ်တော့ ဒီ ရွှေ့ပြောင်းနေထိုင်သူ၊ ဒုက္ခသည်အရေးဟာ ဥရောပမှာတင် ဖြစ်နေတာမဟုတ်ဘဲ တောင်အာရှနဲ့ အရှေ့တောင်ဒေသတွေ အထူးသဖြင့် ထိုင်း-မြန်မာ၊ ထိုင်း-လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတွေအထိ ဖြစ်ပွားနေခဲ့တာပါ။ မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက် မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်၊ စီးပွားရေး ချွတ်ခြုံကျ ဆင်းရဲမွဲတေမှု၊ တရားဥပဒေမဲ့၊ အာဏာအလွဲသုံးစား ဖိစီးနှိပ်စက်မှုဒဏ်တွေကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသား လူမျိုးစုတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေအတွက်ဟာ သန်းချီရှိနေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာလည်း ဘာသာရေးနှိပ်ကွပ်မှု၊ လူမျိုးခွဲခြားဆက်ဆံ မတရားပြုမှုတွေကြောင့် ရရာလှေတွေနဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ပင်လယ်ပြင်ဖြတ်သန်းပြီး လှေစီးဒုက္ခသည်အဖြစ် ထွက်ပြေးလာကြလို့ ပင်လယ်ထဲမှာ လှေမှောက် အသက်ဆုံးရှုံးကြရ၊ လူမှောင်ခိုတွေရဲ့ ရက်စက်မှုတွေကြောင့် သေဆုံးကြရသူတွေလည်း အရေအတွက် အတိအကျ မပြောနိုင်လောက်အောင်ကို ရှိနေခဲ့တာ ကြာပါပြီ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း အစိုးရရဲ့ထိုးစစ်ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ တရုတ်ပြည်ထဲအထိ ဖြတ်ကူး ခိုလှုံခဲ့ရတာတွေလည်း ဖြစ်ခဲ့တယ်ဆိုတာက လက်တွေ့အခြေအနေပါ။ ဒါကြောင့် ဒီရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအရေးဟာ နိုင်ငံတကာ ပြဿနာတခု ဖြစ်လာနေပြီဆိုတာကို နိုင်ငံအစိုးရတွေ သတိပြုကြဖို့ သူတို့ကို ထိန်းချုပ်ကိုင်တွယ်ဖို့ ကြိုးစားကြရာမှလည်း သူတို့ဟာ လူသားတွေ ဖြစ်နေတဲ့အတွက် လူသားချင်း စာနာထောက်ထားမှုအရ လူ့ဂုဏ်သိက္ခာနဲ့အညီ ပြုမူဆက်ဆံကြဖို့ အထူးအရေးကြီးပါတယ်။ တိရစ္ဆာန်တွေလို ပြုမူဆက်ဆံမယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး တချို့ဖြစ်ရပ်တွေမှာ ရာဇ၀တ်မှု ကျူးလွန်တာဖြစ်တယ်ဆိုတာ သိမြင်နားလည်ဖို့ လိုပါတယ်။ တကယ်တော့ ဒီကမ္ဘာကြီးဟာ ကမ္ဘာပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ လူတယောက်ဟာ မွေးဖွားလာပြီ ဆိုကတည်းက ကမ္ဘာပေါ်က မြေနေရာ တနေရာရာမှာ အခြေချ နေထိုင်ခွင့် ရှိရပါမယ်။ သူ့အတွက် ဝေစုတခု ရ ရပါမယ်။ တဦးတယောက် တအုပ်စုတည်းနဲ့ ဝေစုတွေ အများကြီးရယူ ပိုင်ဆိုင်ထားပြီး လူအများစုကြီးက သူတို့ဝေစုလေး တခုကိုတောင် မရနိုင်အောင် ဖြစ်နေတာကတော့ လုံးဝ မတရားမှု ဖြစ်တယ်လို့ ပြောရမှာပါပဲ။ ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည်လှိုင်းလုံးကြီးကတော့ ၂၀၁၆ ခုနှစ် ကမ်းခြေရှိရာကို ဝေါဝေါ ချဉ်းကပ်လာနေပါပြီ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024