မြေစာပုံပြိုကျပြီး လူများသေဆုံးမှုကြောင့် တာဝန်ရှိဌာနဆိုင်ရာအရာရှိ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် (ရုပ်သံ)

2.4K
တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ဇင်(Shenzhen) မြို့မှာ ပြီးခဲ့တဲ့တပတ်က မြေစာပုံ ပြိုကျပြီး လူတွေ သေဆုံးမှုမှာ တာဝန်ရှိတဲ့ ဌာနဆိုင်ရာအရာရှိတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ မြို့ခံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ပြောဆိုပါတယ်။
ဒေသခံမြို့ပြစီမံခန့်ခွဲမှု ညွန်ကြားရေးမှူးဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ညက တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားပြီး မြေပြိုမှုဖြစ်ခဲ့တဲ့ မြေစာပုံကြီးကို လူနေအိမ်တွေနား စုပုံဖို့ ညွန်ကြားခဲ့ပုံရတယ်လို့ ပြောဆိုပါတယ်။
အစိုးရကတော့ မြေစာပုံပြိုကျမှုနဲ့ သေဆုံးသွားတဲ့အာဏာပိုင်နဲ့ ပတ်သက်တယ်လို့ တရားဝင်ကြေညာတာ မရှိသေးပေမယ့် ဒီမတော်တဆဖြစ်ပွားမှုမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ကြေညာထားပါတယ်။
အခုနှစ်အတွင်း တရုတ်နိုင်ငံမှာ အကြီးစားမတော်တဆမှုတွေမှာ တာဝန်ရှိသူတွေ သေကြောင်းကြံသွားတဲ့ အခုတယောက်နဲ့ ဆိုရင် ၃ ယောက်ရှိသွားပါပြီ။
ပြီးခဲ့တဲ့တပတ်က မြေစာပုံကြီးပြိုကျမှုမှာ လူ ၂ ဦးသေဆုံးတယ်လို့ အတည်ပြုထားပြီး ပျောက်ဆုံးနေသူ အယောက် ၇၀ လောက်ကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆နဲ့ ၂၇ ရက်နေ့ကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာလည်း သတ္တုတွင်းပြိုကျခဲ့ပြီး တွင်းပိုင်ရှင်ဖြစ်သူက ရေတွင်းထဲခုန်ချပြီး အဆုံးစီရင်သွားပါတယ်။
သြဂုတ်လတုန်းက တီယန်ကျန်းဓါတုပေါက်ကွဲမှုတွေမှာ တာဝန်ရှိတဲ့တဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါသေးတယ်။