အိုင်အက်စ် သိမ်းပိုက်ခဲ့သည့် ရာမာဒီမြို့ကို အီရတ်စစ်တပ် ပြန်သိမ်းပိုက် (ရုပ်သံ)

3.2K
အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ၇ လကြာ သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံ အလယ်ပိုင်းက ရာမာဒီမြို့ နေရာအများစုကို ပြန်လည်သိမ်းပိုက်ရရှိပြီလို့ အီရတ်စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။
အရင် မြို့တော်အုပ်ချုပ်ရေး အစိုးရအဆောက်အဦတွေကနေ အပြင်းအထန် ခုခံခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက်တွေက ရာမာဒီမြို့ အရှေ့မြောက်ဘက်ကို ဆုတ်ခွာသွားတယ်လို့ ယုံကြည်ရကြောင်း အီရတ်တပ်ဖွဲ့က ပြောပါတယ်။
ရာမာဒီမြို့ အဓိကနေရာတွေကို ပြန်လည်သိမ်းပိုက် ရရှိခဲ့ပေမယ့် မြို့တခြားနေရာတွေမှာ ခုခံမှုတချို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။
အခုလို ရာမာဒီမြို့ကို ပြန်လည်သိမ်းပိုက်ရရှိနိုင်တာဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ဖရိုဖရဲဖြစ်ခဲ့ပြီး အီရတ်စစ်တပ်အတွက် ပထမဆုံးအောင်မြင်မှုလို့ ဆိုကြပါတယ်။
မြို့တော် ဘဂ္ဂဒက်ရဲ့ အနောက်ဘက် ၅၅ မိုင်အကွာမှာရှိတဲ့ ရာမာဒီမြို့ဟာ အီရတ်နိုင်ငံရဲ့ အလယ်ပိုင်းမှာရှိပြီး လူဦးရေအများစုဟာ ဆွန်နီမွတ်စလင် အာရပ်လူမျိုးတွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့မေလက အိုင်အက်စ် အကြမ်းဖက်လက်အောက် ကျရောက်ခဲ့ပြီး အီရတ်စစ်တပ်အတွက် အတော့်ကို ဆုတ်ယုတ်မှု ဖြစ်ခဲ့ပါတယ်။
အခုလို ပြန်လည်သိမ်းပိုက်ရာမှာ ဘာသာရေးသွေးကွဲမှုတွေကို ရှောင်တဲ့အနေနဲ့ အရင် တီကရစ်မြို့ကို သိမ်းပိုက်တုန်းကလို အင်အားကြီးတဲ့ ရှီးယားမွတ်စလင် ပြည်သူ့စစ်အင်အားကို မသုံးခဲ့ပါဘူး။