DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် တရုတ်သံအမတ်တို့ တွေ့ဆုံ
DVB
·
December 28, 2015
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် တရုတ်သံအမတ်တို့ တွေ့ဆုံ
Donate to DVB

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးပါ ဗဟိုကော်မီတီဝင်တချို့နဲ့ တရုတ်သံအမတ် မစ္စတာ ဟောင်းလျှံနဲ့ အဖွဲ့တို့ ဒီကနေ့ မနက်ပိုင်းက ဦးခွန်ထွန်းဦးနေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံအနေနဲ့ ရှမ်းပြည်တိုးတက်ဖို့ တရုတ်အစိုးရဘက်က ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ပြောပါတယ်။

“ပထမဦးဆုံးတော့ မိတ်ဆက်ကြတာပေါ့လေ။ မိတ်ဆက်ပြီးတော့ တရုတ်သံအမတ်ကြီးက ဘာစ ပြောလဲဆိုတော့  တရုတ်၊ ဗမာက အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ မိတ်ဆွေဖြစ်ခဲ့တာက နှစ်ပေါင်းကြာလှပြီ။ အဲတော့ အခု ရှမ်းပြည်နယ်က နယ်စပ်ချင်းကလည်း ဆက်နေတယ်။ တရုတ်နဲ့ ဗမာကတော့ အိမ်နီးချင်းမိတ်ဆွေကောင်းဖြစ်တယ်။ ရှမ်းပြည်ဘက်မှာရှိတဲ့လူထုနဲ့ တရုတ်ပြည်ဘက်က လူထုဟာ ညီအစ်ကိုရင်းသဖွယ်ဖြစ်တယ်လို့ သူက ပမာဏ အဲလိုပြောပါတယ်။ အဲဒီနောက် ရှမ်းပြည်တိုးတက်ဖို့အတွက်ဆိုရင် တရုတ်ပြည်က နောက်ဆိုရင် ဘယ်လိုအကူအညီပေးနိုင်မလဲ၊ ဘယ်လိုပူးပေါင်းလုပ်နိုင်မလဲ၊ ကျနော်တို့(တရုတ်)ဆီမှာတော့ အရင်းအမြစ်တွေရှိတယ်။ ကျနော်တို့က ဗမာပြည်အိမ်နီးနားချင်းအတွက်ကိုတော့ ဖွံ့ဖြိုးတိုးတက်စေချင်တယ်တဲ့။ အဲလို ပြောတယ်။”

အက်စ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ လတ်တလော ငြိမ်းချမ်းရေးက အရေးကြီးကြောင်း ပြန်ပြောခဲ့တယ်လို့လည်း ဦးစိုင်းစောအောင်က ပြောပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌက ဘာပြောလဲဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးက အရေးကြီးတယ်။ ငြိမ်းချမ်းရေးမရဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုက မလုပ်နိုင်ဘူးပေါ့။ ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင်လည်း ပင်လုံစာချုပ်ကို အခြေခံပြီးတော့ ပင်လုံစာချုပ်ရဲ့ အချက်အလက် ပင်လုံစိတ်ဓာတ်နဲ့ လုပ်ဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေးက ရနိုင်မှာပဲတဲ့။ ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ခင်ဗျာတို့ တရုတ်ဘက်က ကြားကလူပေါ့ အနေနဲ့ ပါဝင်ပြီးတော့ ကူညီမယ်ဆိုရင် ငြိမ်းချမ်းရေးက ပို၍ မြန်မြန်ဆန်ဆန်ရမယ်လို့ယုံကြည်တယ်တဲ့။”

တရုတ်သံအမတ်ဘက်ကလည်း “ခင်ဗျားတို့ နိုင်ငံရေးပါတီတွေ၊ အခု အသစ်တက်လာမယ့် အစိုးရအဖွဲ့တွေ စိန်ခေါ်မှုအများကြီးရှိတယ် ဆိုတာကို သဘောပေါက်တယ်။ အားလုံးတွေ့ကြည့်တဲ့အခါ အားလုံးအားရကျေနပ်တယ်။ အကောင်းမြင်ပါတယ်။ တရုတ်ပြည်မှာတော့ လူအင်အားရှိတယ်။ ငွေအင်အားရှိတယ်၊ နည်းပညာရှိတယ်။ အများကြီး အကူအညီပေးနိုင်ပါတယ်။” လို့ ပြောဆိုခဲ့ကြောင်းလည်း ပြောပါတယ်။

တရုတ်သံအမတ်နဲ့ အက်စ်အန်အယ်လ်ဒီဟာ ဒါ ပထမဦးဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပြီး တရုတ် အစိုးရအနေနဲ့ နိုင်ငံရေးပါတီကို အခုလို အရေးတယူဆက်ဆံလာတဲ့ပေါ် အကောင်းမြင်တယ်လို့လည်း ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ အက်စ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒု-ဥက္ကဋ္ဌ ဦးစိုင်းစောအောင် အပါအ၀င် ၄ ဦးတွေ့ဆုံခဲ့ပြီး တရုတ်သံအမတ်ကတော့ သူရဲ့စကားပြန်အပါအ၀င် ၃ ဦး လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တရုတ်သံအမတ်ဘက်က တွေ့ဆုံလိုကြောင်း ကမ်းလှမ်းချက်အရ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013