A d v e r t i s e m e n t With Us

မတရားမှုရဲ့ အရင်းခံအကြောင်းတရားကိုသာ ဆန့်ကျင်ပါ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က  လိပ်ကျွန်းလူသတ်မှုရဲ့ စွပ်စွဲဖမ်းဆီးခံ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းလို့ အမည်ရှိတဲ့ မြန်မာနိုင်ငံသား  လူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီခရိုင်က သေဒဏ်ပေးလိုက်တဲ့သတင်းဟာ အခုဆို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတင်သာမက CNN, BBC စတဲ့ ကမ္ဘာကျော်သတင်းဌာနကြီးတွေမှာတောင် ဖော်ပြရလောက်အောင် ဟိုးလေးတကျော် ဖြစ်နေပြီ။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီး ဘယ်လောက်ယိမ်းယိုင် ချို့ယွင်းနေတယ်ဆိုတာ ကမ္ဘာကိုသိအောင် ထင်ထင်ရှားရှား သက်သေပြလိုက်တာပါပဲ။ တကယ်တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံလုံးဟာ တိုင်းပြည်ရဲ့ အိမ်ဦးခန်းမှာ လက်နက်ကိုင်စစ်တပ်က ဥပဒေအထက်မှာ တရားဝင် နေရာယူခွင့်ရှိတဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်။ ယိမ်းယိုင်ချည်နဲ့နေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ရှိပြီး တရားဥပဒေ မစိုးမိုးတဲ့ တိုင်းပြည်တိုင်းမှာ နိုင်ငံတွင်း နေထိုင်ကြတဲ့ သက်ရှိလူသားတွေမှ ဘ၀လုံခြုံမှုမရှိတာ မဟုတ်ဘူး။ သက်မဲ့ သယံဇာတ ရုပ်ပစ္စည်းတွေလည်း မလုံခြုံဘူး။ နယ်စပ်စည်းရိုးလည်း မလုံခြုံဘူး။ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုလည်း မလုံခြုံဘူး။ ဘာမှမလုံခြုံဘူး။ ပြည်တွင်းမှာ နိုင်ငံသားအချင်းချင်း ညီညွတ်မှုမရှိရင်၊ မငြိမ်းချမ်းရင်၊ ပြည်သူက အစိုးရကို မကြည်ဖြူရင် ဘယ်ကိစ္စမှာမဆို အရှုံးနဲ့သာ ရင်ဆိုင်ရလိမ့်မယ်။ အိမ်နီးချင်းမှ မဟုတ်ဘူး ဘယ်နိုင်ငံကိုမဆို အောက်ကျို့ပေါင်းရလိမ့်မယ်။ ဘယ်သွားသွား မျက်နှာငယ်ရလိမ့်မယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အခုလက်ရှိ အာဏာပိုက်ထားတဲ့ အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဘ၀တောင် မလုံခြုံဘူး။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ တရားဥပဒေ မစိုးမိုးရင် ဇာတ်တူသားစားတဲ့ အနိဋ္ဌာရုံတွေ၊ အာဏာသိမ်းမှုတွေ အချိန်မရွေး ပေါ်ပေါက်လာမှာပဲ။ ဒီနေရာမှာ မြန်မာနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံသားတွေ အတွေးမမှားဘို့က ဒီလို လိပ်ကျွန်းလူသတ်မှုအပေါ် အထောက်အထား မခိုင်လုံဘဲ မှားယွင်းစွာ စီရင်ဆုံးဖြတ်မှုနဲ့ အခြား အလားတူ နှစ်နိုင်ငံစလုံးနဲ့ ဆက်စပ်ဖြစ်ပျက်နေတဲ့  အနိဋ္ဌာရုံတွေ၊ မတရားမှုတွေ ဖြစ်လာတဲ့အခါတိုင်း အဓိက အရင်းခံ အကြောင်းတရားကို မမြင်မိဘဲ မြန်မာလူမျိုးနဲ့ ထိုင်းလူမျိုးကြားမှာ မုန်းတီးမှု အငြိုးအာဃာတတွေ မကြီးထွားလာစေဘို့ သတိထားရမယ်။ ဘယ်လူမျိုးမှာမဆို လူဆိုးလူယုတ်မာတွေ အမြောက်အမြားရှိသလို လူကောင်းသူကောင်းတွေလည်း ဒုနဲ့ဒေးရှိတယ်ဆိုတာ သတိရှိဖို့လိုတယ်။ ၀ါးလုံးသိမ်းယမ်းသလို အဆင်ခြင်မဲ့ မမုန်းတီးဘို့၊ အမုန်းတွေ မဖြန့်ဖြူးမိဘို့ သတိပြုသင့်တယ်။ နှစ်နိုင်ငံလုံးက လူ့ဂျပိုး၊ စစ်ဂျပိုး၊ ခရိုနီဆိုးတွေရဲ့ လုပ်ရပ်နဲ့ ရာဇ၀တ်မှုတွေကြောင့် နှစ်ဘက်တိုင်းပြည်နဲ့ ရိုးသားတဲ့ ပြည်သူတွေကို သိမ်းကျုံးစော်ကား ရန်လုပ်မုန်းတီးတာဟာ အလွန်မိုက်မဲတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲ့ဒီလိုမျိုး အခြေအနေကို အခွင့်ကောင်းယူပြီး နှစ်နိုင်ငံလုံးက လူ့ဂျပိုး၊ စစ်ဂျပိုး၊ ခရိုနီဆိုးတွေနဲ့ သူတို့ကိုထောက်ခံနေတဲ့ နောက်လိုက်တွေအပြင်၊ အစွန်းရောက် အမျိုးသားရေးဝါဒီတွေ၊ အသိဉာဏ်မဦးစီးဘဲ အမျိုးထိ မချိအောင်နာတတ်သူတွေက မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတွေ အပြန်အလှန် ပိုမုန်းတီးလာအောင် အမျိုးသားရေးအလံတွေ တလူလူလွှင့်လို့ သူတို့လူနည်းစု အကျိုးစီးပွားကာကွယ်ဖို့ အသုံးချလာနေပြီ။ အဲ့ဒီအန္တရာယ်ကြီးကို သတိပြုရှောင်ရှားကြပါ။ နှစ်နိုင်ငံစလုံးက ပြည်သူတွေပေါင်းပြီး အဓိက အရင်းခံ အကြောင်းတရားဖြစ်တဲ့ နိုင်ငံနှစ်ဘက်စလုံးက တရားရေးမဏ္ဍိုင်ပျက်စီးမှု၊ တရားဥပဒေ မစိုးမိုးမှု၊ အကျင့်ပျက်ခြစားမှု၊ လူ့ဂျပိုး၊ စစ်ဂျပိုး၊ ခရိုနီဆိုးတွေကိုသာ ဦးတည်ဆန့်ကျင်ကြပါ။ မိမိတို့သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကို  အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ မှားယွင်းနေတဲ့ အုပ်ချုပ်ပုံစနစ်၊ ယိမ်းယိုင်ချည့်နဲ့နေတဲ့ တရားစီရင်ရေးစနစ်ကို ပြင်ဆင်ပြောင်းလဲစေဖို့ ၀ိုင်းဝန်း ဖိအားပေးကြ၊ တွန်းအားပေးကြပါ။ ဒါမှသာ နောင်ကို အလားတူ အနိဋ္ဌာရုံတွေ၊ မတရားမှုတွေ ထပ်မံ မပေါ်ပေါက်လာတော့မှာ ဖြစ်တယ်။ အဲ့ဒီလို မဟုတ်ရင်တော့ ဒုတိယ တတိယ စသဖြင့် မဆုံးနိုင်တဲ့ ဇော်လင်းတွေ၊ ၀င်းဇော်ထွန်းတွေ ပေါ်လာဦးမှာပါ။ မင်းကောင်းချစ် ဒီဇင်ဘာလ (၂၅) ရက်နေ့  ၂၀၁၅ ခုနှစ်

A d v e r t i s e m e n t With Us

More News
Up