လိပ်ကျွန်းလူသတ်မှု နောက်ကွယ်က အမှန်တရားဖော်ထုတ်ရေး ထိုင်းသတင်းစာဆရာများအသင်း စီစဉ်

2.2K
ထိုင်းလိပ်ကျွန်းအမှုကြောင့် သေဒဏ်ကျခံမြန်မာ ၂ ဦးအမှုနဲ့ပတ်သက်ပြီး မြန်မာ ၂ ဦးအမှုကို စုံစမ်းဖော်ထုတ်ရန်ရှိတဲ့ အချက်အလက်တွေနဲ့ သက်သေအထောက်အထားတွေကို ရေးသား ထုတ်ဖော်ဖို့ စီစဉ်ထားကြောင်း ထိုင်းသတင်းစာဆရာများအသင်းက မြန်မာသတင်းစာဆရာများ အသင်းကို ဒီဇင်ဘာ ၂၇ ရက် နေ့က အကြောင်းပြန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်က မြန်မာသတင်းစာဆရာများအသင်းက လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်လိုက်တာကြောင့် ဒီအမှုရဲ့ နောက်ကွယ်က အမှန် တရားကို ဖော်ထုတ်ရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ ထိုင်းသတင်း စာဆရာများအသင်းကို တိုက်တွန်းတဲ့စာပို့ပြီး ၂ ရက်အကြာမှာ ပြန်လည်အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။
ဒီအမှုကိုတရားရုံးမှာ စစ်ဆေးနေစဉ်အတွင်း ထိုင်းမီဒီယာတွေအနေနဲ့ အသေးစိတ် လေ့လာ ရေးသားမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုလို အငြင်းပွားဖွယ်ရာ အမှုတွေမှာ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေရေးကို အရေးထားကြောင်း ထိုင်းသတင်းစာဆရာများ အသင်းက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။