A d v e r t i s e m e n t With Us

မြောက်အမေရိကတိုက်မှ သြစတြေးလျနိုင်ငံအထိ လှေလှော်ဖြတ်သန်းသည့် ဗြိတိန်နိုင်ငံသား

ဓာတ်ပုံ - solopacificrow.com
ဗြိတိန်နိုင်ငံသား တကိုယ်တော်စွန့်စားသူတဦးဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က မြောက်အမေရိကတိုက်ကနေ  သြစတြေးလျနိုင်ငံအထိ ပစိဖိတ်သမုဒ္ဒရာကို ပထမဆုံး တကိုယ်တော် လှေလှော်ဖြတ်သန်းနိုင်သူ ဖြစ်လာပါတယ်။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ကနေ အခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ထွက်ခွာလာပြီး သြစတြေးလျနိုင်ငံမြောက်ပိုင်းက ကမ်းမြို့အထိ ကီလိုမီတာ ၁၄၀၀၀ အကွာအဝေးကို တယောက်တည်း လှေလှော်ခဲ့တာပါ။ နိုဝင်ဘာလလယ်လောက်မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိမယ်လို့ မျှော်မှန်းခဲ့ပေမယ့် ရာသီဥတု ဆိုးရွားမှုတွေကြောင့် ၁ လကျော်ကြာ နောက်ကျပြီးမှာ ဆိုက်ရောက်လာတာပါ။ အားလုံး ၂၀၉ ရက် ကြာမြင့်ခဲ့ပြီး ၁ ရက်ကို ၁၅ နာရီ လှေလှော်ခတ်ခဲ့တယ်လို့ အသက် ၅၃ နှစ်အရွယ် ဂျွန် ဘီဒမ်က ဆိုပါတယ်။ သူ့ကို သြစတြေးလျ အာဏာပိုင်တွေ၊ ကနေဒါနိုင်ငံသူ ဇနီး၊ သမီး ၂ ဦးနဲ့ အားပေးသူတစုက ကြိုဆိုခဲ့ကြပါတယ်။ ဂျွန်ဘီဒမ်ဟာ ဗြိတိန်နိုင်ငံ ရှက်ဖီးလ်မြို့ခံ လှေလှော်ဝါသနာရှင်တဦးဖြစ်ပြီး အခုတော့ ကနေဒါနိုင်ငံ အွန်တေရီယိုမြို့မှာ နေထိုင်ပါတယ်။ သူဟာ အတ္တလန္တိတ် သမုဒ္ဒရာကိုလည်း အရင်က တကိုယ်တော် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ အခုလို ကီလိုမီတာ ၁၄၀၀၀ အကွာအဝေးကို တသက်မှာ ၁ ခါပဲ ဖြတ်သန်းနိုင်မယ်လို့ အေဘီစီရုပ်သံကို ပြောဆိုပါတယ်။ ဇနီးဖြစ်သူကတော့ သူ့ခင်ပွန်းရဲ့ စွန့်စားလိုစိတ်ဟာ မီးဖွားသလိုပဲ အခုလို စွန့်စားတဲ့ အလုပ်တွေ မလုပ်တော့ဘူးလို့ ပြောဆိုပေမယ့် ခဏနေ နောက်ထပ်စွန့်စားမှုတခု ထပ်လုပ်ဦးမှာ သေချာပြီး ဒီတခါတော့ နည်းနည်းထိန်းရမယ်လို့ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up