Home
မြန်မာသတင်း
ဖားကန့် စက်ယန္တရားစစ်သည့်အဖွဲ့ မြေပြင်ဆင်း မစစ်ဟုဆို
ရွှေအောင်
·
December 26, 2015
ကချင်ပြည်နယ်၊ ဖားကန့်ဒေသက စက်ယန္တရားကြီးကိစ္စ လာရောက်စစ်ဆးနေတဲ့ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မြေပြင်ကို ကွင်းဆင်းစစ်ဆေးတာမဟုတ်ဘဲ စာရွက်ပေါ်က ကိန်းဂဏန်းတွေကိုပဲ တိုက်ဆိုင်စစ်ဆေးနေတာလို့ ဖားကန့်က ရွေးကောက်ခံကိုယ်စားလှယ် ဦးတင်စိုးက စွပ်စွဲပြောကြားလိုက်ပါတယ်။ “ရှိနေတဲ့ကားတွေကို အမှန်အတိုင်းပြတာ မဟုတ်ဘူး၊ အများကြီး စာရင်းလျှော့ပြတာ၊ သူတို့က ကိုယ်တိုင်သွားကောက်တာ မဟုတ်ဘူး၊ ကုမ္ပဏီမှာ ယန္တရားတွေ ဘယ်လောက်ဘယ်လောက် ရှိတယ်ဆိုတာ အဲ့ဒါကို တင်ပါဆိုပြီးတော့ ပြောတာ၊ ပြောတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးကနေတဆင့် တင်သွားတာ၊ ကျနော်တောင်လိုက်ကြည့်လိုက်သေးတယ်၊ ရှိတာက နှစ်ရာကျော်၊ သုံးရာကျော် ရှိတယ်ဗျာ၊ ဘယ်လောက်ပြလဲ ၂၀ ကျော်၊ ၃၀ ကျော်ပြတယ်ဗျာ။” ပြီးခဲ့တဲ့ ရက်ပိုင်းက လာစစ်နေတဲ့အချိန်မှာ ကာဒတွေကို ချုံတွေကြား ဖွက်ထားကြတယ်လို့လည်း ပြောပါတယ်။ ဖားကန့်မှာ ကျောက်မျက်တူးနေကြတဲ့ ကုမ္ပဏီတွေဟာ ရွေးကောက်ပွဲပြီးကတည်းက စက်ယန္တရားအင်အား အဆမတန်သုံးပြီး တူးဖော်နေကြတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အစိုးရက ၀န်ကြီးတဦးခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။ ကချင်ပြည်နယ်  ကန်ပိုက်တီးဒေသ နယ်စပ်ကုန်သွယ်ရေး စခန်းကနေ  ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါါတယ်။ သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024