Home
မြန်မာသတင်း
ဆန္ဒပြမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်မည်မဟုတ်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော
DVB
·
December 25, 2015
ရန်ကုန်ရှိ ထိုင်းသံရုံးရဲ့ လုံခြုံရေးကို  မြန်မာအစိုးရဘက်က စောင့်ရှောက်ပေးရမှာ ဖြစ်ပြီး ဆန္ဒပြမှုကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ ထိုင်း - ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ မြန်မာလူငယ်နှစ်ဦးအမှု တရားမျှတစွာ ပြန်လည်စစ်ဆေးပေးဖို့ မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း-ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်းက အခုလို ပြောကြားလိုက်တာလို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ အခုလို ဆန္ဒပြနေကြတာဟာ တရားရုံးရဲ့ စီရင်ချက်နဲ့သာ သက်ဆိုင်တဲ့အတွက် ၂  နိုင်ငံဆက်ဆံရေးပေါ် စိုးရိမ်စရာမရှိကြောင်း၊ သူ့အနေနဲ့ ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးပေါ်မှာလည်း ယုံကြည်စိတ်ချကြောင်း ဒီနေ့မနက် ထိုင်းစစ်မှုထမ်းဟောင်းများ ဂေဟာမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ အမြောက်အမြား ၀င်ရောက်လုပ်ကိုင်နေတာကြောင့် လက်ရှိဆန္ဒပြမှုတွေမှာ ထိုင်းရောက် မြန်မာအလုပ်သမား တွေ ပါဝင်လာမှာကို စိုးရိမ်ကြောင့်ကြမှု ရှိမရှိဆိုတာကိုလည်း  သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ ဒီအပေါ် ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းတရားရုံးအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း အဆင့်တိုင်း သွားနေတာဖြစ်ကြောင်း၊ မြန်မာဘက်က ပိုမိုသဘောပေါက်ဖို့အတွက်  မြန်မာသံရုံးနဲ့ ဆက်သွယ်ရမယ့်ကိစ္စကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်ကြောင်း၊ နယ်မြေအရပ်ရပ်က လုံခြုံရေးကိစ္စကိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက ဆောင်ရွက်နေတယ်လို့ ဖြေကြားသွားပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့  လိပ်ကျွန်းအမှု စီရင်ဆုံးဖြတ်ချက်အပြီးမှာ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း အ၀င်အထွက် ဂိတ်တွေမှာ လုံခြုံရေး၊ စစ်ဆေးရေးတွေ ပိုမိုတင်းကျပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024